စစ်ကြောင်းကြောင့် မြိုင်ဒေသခံ နှစ်ထောင်ခန့် ထွက်ပြေး

RFA Burmese
2025.01.07
စစ်ကြောင်းကြောင့် မြိုင်ဒေသခံ နှစ်ထောင်ခန့် ထွက်ပြေး မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။
MPA

မကွေးတိုင်း၊ ပခုက္ကူမြို့အခြေစိုက် စစ်ကောင်စီတပ်ရဲ့ အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ်က စစ်ကောင်စီ တပ်သားတွေဟာ မြိုင်မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို ရိက္ခာပို့ဖို့ စစ်ကြောင်းထိုးနေတာကြောင့် မြိုင်ဒေသခံ နှစ်ထောင်ခန့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက RFA ကို ဇန်နဝါရီလ ၇ ရက် ဒီနေ့ပြောပါတယ်။

သူတို့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့ကတည်းက နေရပ်စွန့်ခွာထွက်ပြေးရတာဖြစ်ပြီး အခုအချိန်အထိ နေရပ်မပြန်နိုင်သေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြိုင်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ထွက်ပြေးနေရတဲ့သူတွေ တော်တော်များတယ်ဗျ နှစ်ထောင်နီးပါးလောက် ရှိတယ်။ စစ်တပ်ဘက်က အင်အား ၂၅၀ လောက်ပါတယ်။ စစ်ကားရော၊ အရပ်သားအသုံးပြုတဲ့ကားရော အစီး သုံးဆယ်လောက်ရှိတယ်”

စစ်ကြောင်းထိုးရာ လမ်းကြောင်းတစ်လျှောက်ဖြစ်တဲ့ ပခုက္ကူနဲ့ မြိုင် မြိုနယ်ကြားက ဒေသခံတချို့လည်း ဖမ်းဆီးခံထားရပြီး အဲဒီအထဲက ပြန်လွတ်လာသူတွေလည်းရှိတာကြောင့် အဖမ်းခံရတဲ့အရေအတွက်ကို အတိအကျမသိရသေးဘူးလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတုန်းကလည်း ပခုက္ကူနဲ့ မြိုင်မြို့နယ်တွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာကြောင့် ရွာ ၁၅ ရွာက ဒေသခံ တစ်သောင်းခန့် ထွက်ပြေးခဲ့ရပါတယ်။

လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ပြည်တွင်း နေရပ်စွန့်ခွာထွက်ပြေးရတဲ့ အရေအတွက်တိုးလာနေပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာထွက်ပြေးရသူ သုံးသန်းခွဲကျော်ရှိလာပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။