မြန်အောင်က CDM ကျောင်းဆရာတစ်ဦး သေဒဏ်ချခံရ

RFA Burmese
2023.01.01
မြန်အောင်က CDM ကျောင်းဆရာတစ်ဦး သေဒဏ်ချခံရ ဧရာဝတီတိုင်း မြန်အောင်မြို့နယ်ရှိ ထိပ်ပုတ်ကုန်း အထက်တန်းကျောင်းခွဲအား တွေ့ရစဉ်။
ထိပ်ပုတ်ကုန်း ဘက်စုံပညာဖွံ့ဖြိုးရေး

ဧရာဝတီတိုင်း မြန်အောင်မြို့နယ်၊ ထိပ်ပုတ်ကုန်း အထက်တန်းကျောင်းခွဲရဲ့ မူလတန်းပြ ဆရာ ဦးကောင်းခန့်ကျော်ကို စစ်ကောင်စီရဲ့ ဟင်္သာတမြို့ ထောင်တွင်းတရားရုံးက ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ သေဒဏ်ချမှတ်လိုက်တယ်လို့ မြန်အောင်ဒေသခံတွေက RFA ကို ပြောပါတယ်။

အာဏာရှင်ဆန့်ကျင်ရေး CDM လှုပ်ရှားမှုမှာပါဝင်တဲ့ အသက် ၂၅ နှစ်အရွယ် ဆရာ ဦးကောင်းခန့်ကျော်ဟာ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလအတွင်းက ဖမ်းဆီးခံခဲ့ရပြီး ၂၀၂၂ ခုနှစ်၊ ဩဂုတ်လထဲမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၀ (ည) နဲ့ ထောင်ငါးနှစ် ချခံထားရတာပါ။

အဲဒီနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၁(က)၊ လူသတ်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၃၀၂ (၁) (ဂ) နဲ့ သေဒဏ်ချမှတ်ခံခဲ့ရတာလို့ ပုသိမ်နိုင်ငံရေးအကျဉ်းသားတွေ နဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှာ သပြေကုန်းရွာက ဦးဝင်းညွန့်အောင် အသတ်ခံရမှုမှာ သူ့ကို ဖမ်းသွားတာ။ သူ ကျူးလွန်တာလည်း မဟုတ်ဘူး။ စွပ်စွဲ ဖမ်းဆီးတာ။ သတ်သွားတာက တခြားအဖွဲ့တစ်ခုက သတ်သွားတာ။ အမှုမှာ ရှေ့နေ ငှားခွင့်တော့ရတယ်။ အယူခံအတွက်တော့ ဘာဆက်လုပ်မယ်ဆိုတာ မသိဘူး”

သေဒဏ်ချခံရတဲ့နေ့မှာပဲ ပုသိမ်ထောင်ကို ပို့လိုက်တယ်လို့ ပုသိမ်နိုင်ငံရေးအကျဉ်းသားတွေ နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ဧရာဝတီတိုင်းက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးလှုပ်ရှားသူတွေကို စစ်ကောင်စီရဲ့ တရားရုံးတွေက ဆက်တိုက်ထောင်ဒဏ်နှစ်ရှည် တွေ ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းအရ စစ်တပ် အာဏာသိမ်းချိန်ကနေ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့အထိ တစ်နိုင်ငံလုံးမှာ အဖမ်းခံ ခဲ့ရသူ ၁၃,၂၁၇ ဦးရှိပြီး အဲဒီအထဲက ၁၉၂၃ ဦးကတော့ ထောင်ချခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။