မြန်မာနိုင်ငံကရွှေတွေ သယ်လာတဲ့ ရိုဟင်ဂျာနှစ်ဦးကို ဘင်္ဂလားဒေ့ရှ်ရဲဖမ်းဆီး

RFA Burmese
2024.08.12
မြန်မာနိုင်ငံကရွှေတွေ သယ်လာတဲ့ ရိုဟင်ဂျာနှစ်ဦးကို ဘင်္ဂလားဒေ့ရှ်ရဲဖမ်းဆီး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များနှင့် ဖမ်းဆီးရမိသည့် ရိုဟင်ဂျာ နှစ်ဦးကိုတွေ့ရစဉ်။
Bangladesh Post

မြန်မာနိုင်ငံကနေ ရွှေထည်အမြောက်အမြား သယ်ဆောင်လာတဲ့ ရိုဟင်ဂျာ နှစ်ဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ ရက်နေ့က နယ်ခြားစောင့်တပ်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ Bangladesh Post သတင်းက ဖော်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်တွေဟာ ကော့ဘဇားခရိုင်၊ မြန်မာနယ်စပ်အနီး တက္ကနပ်ဖ်မှာ ရှာဖွေစစ်ဆေးခဲ့ရာမှာ ဘာလူခါလီ ဒုက္ခသည်စခန်းက ဒုက္ခသည် တစ်ဦးနဲ့ မောင်တောမြို့နယ် ဆူရီဂျာရွာက ရွာသားတစ်ဦးတို့ကို ၂၉ ကီလိုရှိတဲ့ ရွှေထည်ပစ္စည်းအမျိုးမျိုးနဲ့ အတူ ဖမ်းဆီးရမိခဲ့တာလို့ သတင်းက ဆိုပါတယ်။

ဒီလို ဖမ်းဆီးရမိတဲ့ ရွှေထည်တွေဟာ ကာလပေါက်ဈေး ဘင်္ဂလားဒေ့ရှ် တာကာငွေ ၂၈ ကုဋေ (အမေရိကန် ဒေါ်လာ ၂ သန်း) လောက်ထိ တန်ဖိုးရှိနိုင်တယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် တာဝန်ရှိသူ တစ်ဦးက ပြောတဲ့အကြောင်း သတင်းမှာ ဖော်ပြပါတယ်။

ဒီရိုဟင်ဂျာတွေက မြန်မာနိုင်ငံက ရွှေထည်တွေကို လက်ဆင့်ကမ်း သယ်ဆောင်လာပြီး စစ်တကောင်းမြို့ကနေ တဆင့် အိန္ဒိယနိုင်ငံဘက်ကို ဆက်လက်တင်ပို့နေကြတာဖြစ်တယ်လို့ ထောက်လှမ်းရေး သတင်းရင်းမြစ်တွေကို ကိုးကားပြီး သတင်းမှာဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဇွန်လကလည်း ကော့ဆက်ဘဇားကနေ စစ်တကောင်းမြို့ကိုသွားတဲ့ ဘတ်စကားပေါ်မှာ ရွှေထည် ပစ္စည်း ၉ ကီလိုခွဲလောက် သယ်ဆောင်လာသူ လေးဦးကို ဘင်္ဂလားဒေ့ရှ် ရဲတွေက ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။