စစ်အာဏာရှင် ဆန့်ကျင်ရေး နည်းလမ်းပေါင်းစုံနဲ့ တိုက်ပွဲဝင်နေကြတဲ့ အနုပညာရှင်တွေ အပါအဝင် ထင်ရှားလူသိများသူ နောက်ထပ် အယောက် ၂၀ ကို အာဏာသိမ်းစစ်ကောင်စီက ရာဇသတ်ကြီး ပုဒ်မ ၅ဝ၅ (က) နဲ့ အမှုဖွင့်တရားစွဲထားတယ်လို့ စစ်တပ်ပိုင် မြဝတီသတင်းက ဧပြီလ ၃ ရက် ဒီနေ့ ကြေညာပါတယ်။
စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်တဲ့ ထင်ရှားလူသိများသူတွေကို အခုရက်ပိုင်းအတွင်း ဆက်တိုက် တရား စွဲဆိုလာတာပါ။
တရားစွဲခံထားရသူတွေကတော့ သရုပ်ဆောင် ဖွေးဖွေး၊ သက်မွန်မြင့်၊ ညီနန္ဒ၊ ညီထွဋ်ခေါင်၊ ဝါဆိုမိုးဦး၊ ထက်အောင်ရှိုင်း၊ အောင်မြင့်မြတ်၊ အဆိုတော် ကော်နီ၊ နိုဗန်ထူး၊ ကျားပေါက်၊ G Fatt ၊ Kelvin Kate ၊ အစီအစဉ်တင်ဆက်သူ ဇင်အောင်၊ လူမှုကွန်ရက်မှာ လူသိများသူတွေဖြစ်တဲ့ စည်သူဝင်း၊ နန်းမြတ်စော၊ မိတ်ကပ်ပညာရှင် မေဦးမောင်၊ နှင်းသွေးယုအောင်၊ ကျော်ရဲထွန်း၊ မေရီ နဲ့ အိမ်ဂျယ်လမုန် တို့ဖြစ်တယ်လို့ မြဝတီသတင်းက ကြေညာပါတယ်။
သူတို့တွေဟာ စစ်အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု (CDM) မှာ အစိုးရဝန်ထမ်းတွေ ပါဝင်လာအောင် လှုံ့ဆော်တာ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံပြီး ဆူပူအုံကြွမှု ဖြစ်အောင် လှုံဆော်တာတွေ လုပ်ဆောင်နေကြတယ်လို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။
ဧပြီလ ၂ ရက် မနေ့ကလည်း ထင်ရှားလူသိများသူ အယောက် ၂၀ ကို အမှုဖွင့် တရားစွဲထားတယ်ဆိုပြီး မြဝတီသတင်းက ကြေညာထားပါတယ်။ အဲ့ဒီအယောက် ၂၀ ထဲမှာ သရုပ်ဆောင် မင်းမော်ကွန်း၊ အိန္ဒြာကျော်ဇင်၊ ပိုင်ဖြိုးသု၊ အဆိုတော် R ဇာနည်၊ ချမ်းချမ်းတို့ ပါဝင်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ သရုပ်ဆောင်ပြေတီဦး၊ လူမင်း၊ ဒါရိုက်တာ ဝိုင်း၊ ကိုပေါက်၊ ဏကြီး၊ အဆိုတော် အနဂ္ဂတို့ကို ပုဒ်မ ၅ဝ၅ (က) နဲ့ အမှုဖွင့်ခဲ့ပြီး အဲ့ဒီထဲက သရုပ်ဆောင် လူမင်းကတော့ ဖမ်းဆီးခံထားရပါတယ်။
နာမည်ကျော်ကြား လူသိများတဲ့ သရုပ်ဆောင် အနုပညာရှင်တွေကို စစ်တပ်က တရားစွဲဆိုထားတဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ဟာ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင် ထောင်ဒဏ် ၃ နှစ်အထိ ကျခံရနိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။