မူဆယ် မန့်ဝိန်းနယ်စပ်ဂိတ် ပိတ်ထားလို့ ကားအစီး သုံးရာခန့် ပိတ်မိနေ
2024.11.13
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာရှိတဲ့ မန့်ဝိန်း တရုတ်-မြန်မာ နယ်စပ်ဂိတ်ကို တရုတ်နိုင်ငံဘက်က ဖွင့်ထားပေးပေမဲ့ မြန်မာဘက်အခြမ်းမှာ စစ်ကောင်စီ အာဏာပိုင်တွေက ပိတ်ထားတာကြောင့် နိုဝင်ဘာလ ၁၃ ရက် ဒီနေ့မနက်ပိုင်းအထိ ကားအစီးရေ သုံးရာထက်မနည်း ပိတ်မိနေတယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။
မူဆယ်နယ်စပ် ဆင်ဖြူဂိတ်ကနေ ကုန်ပစ္စည်းသယ်ဆောင်ခွင့်ကို တရုတ်နိုင်ငံဘက်က အခုရက်ပိုင်းမှာ ပိတ်လိုက်ထားလိုက်တာပါ။
အဲဒီနောက် မန့်ဝိန်းဂိတ်ကနေပဲ ကုန်ပစ္စည်းတွေ သယ်ကြဖို့ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ တရုတ်နိုင်ငံဘက်က ခွင့်ပြုခဲ့ပေမဲ့ မြန်မာဘက်က ဂိတ်ကိုဆက်ပိတ်ထားတဲ့တွက် ကုန်စိမ်းတင်ကားတွေ ပိတ်မိနေတာလို့ နယ်စပ်ကုန်သည် တစ်ဦးက RFA ကို ပြောပါတယ်။
“တရုတ်က မန့်ဝိန်းဂိတ်ကို ဖွင့်ပေးတယ်ဗျ။ မြန်မာဘက်မှာကြတော့ ပိတ်ထားတာ။ ၁၁ ရက်နေ့ ညနေပိုင်း ကစပြီး ပိတ်လိုက်တာ။ ကုန်စိမ်းသယ်တဲ့ ကုန်သည်တွေ အတော်လေး ဒုက္ခရောက်ကုန်တယ်။ ဘယ်နေ့ဖွင့် ပေးမယ်ဆိုတာ မသိရဘူး”
တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံထဲ ဝင်လာမဲ့ ကုန်ကားတွေ ပိတ်မိနေတာဖြစ်ပြီး အများစုက အာလူး၊ ကြက်သွန်နဲ့ ဟင်သီးဟင်းရွက်တွေ တင်ဆောင်ထားတဲ့ ကားတွေဖြစ်တယ်လို့ ဆိုပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်လို့ မူဆယ်နယ်စပ် မြန်မာအာဏာပိုင်တွေနဲ့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်တို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိပါဘူး။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ကို မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က ထိန်းချုပ်ထားပြီး နှစ်နိုင်ငံကုန်သွယ်မှုတွေ ရပ်တန့်နေပါတယ်။
မူဆယ်မြို့ကတော့ စစ်ကောင်စီ ထိန်းချုပ်မှုအောက်မှာ ရှိနေပြီး ဆင်ဖြူ၊ မန့်ဝိန်းနဲ့ နန်းတော် နယ်စပ်ဂိတ်တွေ ကနေ နှစ်နိုင်ငံ လူဝင်လူထွက်နဲ့ တစ်ပိုင်တစ်နိုင် ကုန်သွယ်မှုတွေ ဆက်ရှိနေတာ ဖြစ်ပါတယ်။