မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးဂိတ်တချို့ ပြန်ဖွင့်
2023.01.15
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၂၀ ဧပြီကတည်းက ပိတ်ထားတဲ့ မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးဂိတ် တချို့တစ်ဝက်ကို ပြန်ဖွင့်လိုက်ပြီလို့ တာဝန်ရှိသူတစ်ယောက်က မနေ့က ပြောကြားပါတယ်။
မူဆယ်-ရွှေလီ ကုန်သွယ်ရေးဂိတ်တွေထဲက မန့်ဝိန်းဂိတ်ကို ဇန်နဝါရီလ ၁၄ ရက် မနက်က ပြန်ဖွင့်လိုက်တာပါ။ မြန်မာဘက်က စားသောက်ကုန်ကိုပဲ တရုတ်က တင်ပို့ခွင့်ပေးတယ်လို့ မူဆယ်ဆန်စပါးကုန်စည်အသင်း ဒု-ဥက္ကဋ္ဌ ဦးမင်းသိန်းက AFP သတင်းကို ပြောပါတယ်။
ဆန်၊ ဆန်ကွဲ၊ ပဲနဲ့ ဖရဲသီးအပါအဝင် အဓိကကျတဲ့ ကုန်စည်တွေကို ခွင့်မပြုတဲ့အတွက် ကုန်သည်တွေက မနှစ်က မေမှာ ပြန်ဖွင့်ထားတဲ့ ကျင်စန်းကျော့ဂိတ်ကနေ တင်ပို့နေရတယ်လို့ ပြောပါတယ်။
တရုတ်ဘက်ကတော့ ဆောက်လုပ်ရေးနဲ့ စက်မှုလုပ်ငန်းဆိုင်ရာ ကိရိယာတွေ၊ လျှပ်စစ်ပစ္စည်း၊ ဆေးဝါးဆိုင်ရာ ကိရိယာ၊ လူသုံးကုန်၊ စားသောက်ကုန်တွေ မြန်မာဘက်ကို တင်သွင်းပေမယ့် လူတွေကို နယ်စပ်ဖြတ်ကျော်ခွင့် မပေးဘူးလို့ ပြောပါတယ်။