(၂၀၂၃ ဇူလိုင် ၂၄ ရက်တွင် ပြင်ဆင်ရေးသားထားသည်)
အာဏာသိမ်းပြီးကတည်းက အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားလာခဲ့ပြီး မြန်မာနိုင်ငံမှာ အထက်တန်းပညာရေး ဝင်ရောက်သင်ကြားသူ ကျောင်းသားဦးရေ ကျဆင်းသွားခဲ့ပြီး ၂၂ ရာခိုင်နှုန်းသာ အထက်တန်းပညာရေးကို သင်ယူဖို့ ကျောင်းအပ်ခဲ့တယ်လို့ အခုနောက်ဆုံးထုတ်ပြန်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ဇူလိုင်လ အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။
ဒါ့အပြင် ၂ဝ၁၇ ကနေ ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝန်း ကျောင်းအပ်နှုန်း ၁၂ ရာခိုင်နှုန်းကျော် ကျဆင်းသွားတယ်လို့လည်း ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေဟာ စစ်အာဏာရှင်ကို ဆန့်ကျင်လှုပ်ရှားမှုတွေမှာ ရှေ့ဆုံးကနေ ပါဝင်ခဲ့ကြသူတွေဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေး ခေတ်အဆက်ဆက် အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားတွေက ရှေ့ဆုံးကပါဝင်ခဲ့တဲ့နည်းတူ ၂ဝ၂၁ အာဏာသိမ်းအပြီးမှာလည်း ဆရာ၊ ဆရာမအများအပြားက အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်ခဲ့ကြတာကြောင့် ပညာရေးစနစ်ဟာ ရပ်တန့်လုနီးပါး ထိခိုက်ခဲ့ပါတယ်။

"၂ဝ၁၇ ခုနှစ်မတိုင်ခင် ကျောင်းအပ်နှုန်းမြင့်မားတိုးတက်တဲ့ အလားအလာမှာရှိနေခဲ့ရာက ၂ဝ၁၇ နဲ့ ၂ဝ၂၃ ကြားကာလမှာ ကျောင်းအပ်နှုန်း ကျဆင်းခဲ့တာက မြန်မာနိုင်ငံမှာ ကျောင်းနေအရွယ် ကလေးသူငယ်အားလုံး ပညာသင်ယူခွင့်ရရှိရေးမှာ အကျပ်အတည်းကျရောက်နေတာကို ညွှန်ပြနေပါတယ်"လို့လည်း ကမ္ဘာ့ဘဏ်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံက တချို့နေရာတွေမှာ ကျောင်းပြန်တက်ကြသူတွေ ရုန်းကန်နေရသလို၊ အကြမ်းဖက်မှုတွေရှိနေတဲ့ ဒေသတွေမှာ စာသင်ခန်းတွေ ဖွင့်နိုင်ဖို့ ဆရာ၊ ဆရာမတွေနဲ့ စေတနာ့ဝန်ထမ်းတွေ ကြိုးစားနေကြရပါတယ်။
ချင်းပြည်နယ် ထန်တလန်မြို့နယ်မှာဆို ၂ဝ၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက် အထက်တန်း ကျောင်းသား၊ ကျောင်းသူတွေဟာ စာသင်ခန်းတွေကို စွန့်ခွာပြီး စစ်အာဏာရှင်ကို ခုခံတော်လှန်ဖို့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျောင်းဆရာ ဆလိုင်းကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ထန်တလန်မြို့နယ်မှာ ကျောင်းသား၊ ကျောင်းသူ ၁၇ဝဝဝ လောက်ကို ပညာရေးဝန်ထမ်း ၁၁ဝဝ လောက်က ပညာသင်ပေးနေပြီး တချို့က ခိုင်ခံ့မှုမရှိတဲ့ ပလတ်စတစ်အမိုးအကာတွေအောက်မှာ စာသင်နေရတယ်လို့လည်း ကျောင်းဆရာ ဆလိုင်းက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
(မှတ်ချက်။ ။ မူလသတင်း၌ "အစီရင်ခံစာတွင် ကျောင်းဆရာဆလိုင်းက ပြောဆိုထားသည်" ဟုမှားယွင်းဖော်ပြထားသည်ကို "ကျောင်းဆရာဆလိုင်းက ရိုက်တာသတင်းဌာနကို ပြောပါသည်" ဟု ပြင်ဆင်ထားပါသည်။)