မြန်မာရေဘေးအတွက် အမေရိကန်က ဒေါ်လာ သုံးသန်း ထပ်မံကူညီမည်

RFA Burmese
2024.10.26
မြန်မာရေဘေးအတွက် အမေရိကန်က ဒေါ်လာ သုံးသန်း ထပ်မံကူညီမည် ပဲခူးတိုင်း တောင်ငူမြို့မှ ရေဘေးသင့်ဒေသခံတချို့အား ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့က တွေ့ရစဉ်။
RFA

ရာဂီမုန်တိုင်းဒဏ်သင့် မြန်မာနိုင်ငံ ရေဘေးအတွက် အမေရိကန်ဒေါ်လာ သုံးသန်း ထပ်မံပေးအပ်သွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက အောက်တိုဘာလ ၂၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ကတစ်ဆင့် ပေးအပ်မှာဖြစ်ပြီး ပြီးခဲ့တဲ့တစ်နှစ်အတွင်း ဒေါ်လာ ၁၄၁ သန်းအထိ လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတာနဲ့ ကြီးထွားလာတဲ့ စားနပ်ရိက္ခာချို့တဲ့မှု ရင်ဆိုင်‌နေကြရသူတွေကို ထောက်ပံ့ပေးအပ်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဒီပံ့ပိုးကူညီမှုဟာ အမေရိကန်အစိုးအရ မိတ်ဖက်တွေဖြစ်တဲ့ ကုလသမဂ္ဂနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက မြန်မာနိုင်ငံအတွင်း ပဋိပက္ခနဲ့ သဘာဝကပ်ဘေးတွေကြောင့် အရေးပေါ်လိုအပ်ချက်တွေ တိုးနေတဲ့ ဒေသတွေက ပြည်သူတွေကို အရေးပေါ်လိုအပ်တဲ့ အစားအစာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ကယ်ဆယ်ရေးပစ္စည်းတွေ၊ ကာကွယ်ရေးအထောက်အကူတွေ၊ အရေးပေါ် နားခိုစရာတွေ၊ သန့်ရှင်းတဲ့ရေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးပစ္စည်းတွေ ပေးအပ်နိုင်ဖို့ အထောက်အကူပြုထားတယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံတစ်ဝန်း အရေးပေါ်အသက်ကယ်ဆယ်ရေး အကူအညီလိုအပ်နေသူတွေကို အ‌မေရိကန်ပြည်ထောင်စုက အကူအညီတွေ ဆက်ပေးမှာ ဖြစ်ပြီး တစ်နိုင်ငံလုံးက ပြည်သူတွေဆီကို လူသားချင်းစာနာမှုအကူအညီတွေ အတားအဆီးမရှိ ပေးအပ်နိုင်ဖို့အတွက် စစ်အာဏာရှင်အဖွဲ့အစည်းမှာရှိတဲ့ အာဏာပိုင်တွေနဲ့ ပဋိပက္ခနဲ့ သက်ဆိုင်သူတွေကိုလည်း တိုက်တွန်းထားပါတယ်။

စက်တင်ဘာလက တိုက်ခတ်ခဲ့တဲ့ ရာဂီတိုင်ဖွန်း မုန်တိုင်းကြောင့် မြန်မာနိုင်ငံတစ်ဝန်း ရေကြီးမြေပြိုမှုတွေမှာ သေဆုံးသူ ၄၃၆ ဦးအထိ ရှိခဲ့ပြီး ရေစီးနဲ့မျောပါ ပျောက်ဆုံးသူ ၆၆ ဦး ရှိခဲ့တယ်လို့ အောက်တိုဘာ ၁ ရက်နေ့ထုတ် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) စာရင်းတွေအရ ရာဂီမုန်တိုင်းကြောင့် မြန်မာနိုင်ငံ မြို့ပေါင်း ခုနစ်ဆယ်ကျော်လောက်က လူပေါင်း တစ်သန်းလောက် ရေဘေးသင့်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။