သမ္မတ ခရီးစဉ်အောင်မြင်ကြောင်း သမ္မတရုံး ညွန်ကြားရေးမှူးပြော

အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ သွင်းကုန်ပိတ်ဆို့ အရေးယူမှုကို ရုပ်သိမ်းပေးလိုက်တာဟာ ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်နေတဲ့ သမ္မတဦးသိန်းစိန်နဲ့ မြန်မာ့ဒီမိုရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးစလုံးကြောင့် ဖြစ်တယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက်ပါတယ်။

သမ္မတ အိုဘားမားအစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ် သွင်းကုန်ပိတ်ဆို့ အရေးယူထားတာကို လျှော့ပေါ့ပေးမှာဖြစ်ကြောင်း မနေ့က နိုင်ငံခြားရေးဝန်ကြီး (Hillary Rodham Clinton) ဟီလာရီ ကလင်တန်က ကြေညာခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်က ပိတ်ဆို့အရေးယူမှုတွေ ရုပ်သိမ်းပေးဖို့ တောင်းဆိုနေသလို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ပိတ်ဆို့အရေးယူမှု ရုပ်သိမ်းပေးဖို့ သူမရဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်းပြောဆိုခဲ့ကြောင်း သမ္မတရုံး ညွန်ကြားရေးမှူး ဗိုလ်မှူး ဇော်ဌေးက အေပီ သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။

အခုလို ပိတ်ဆို့ အရေးယူမှု လျှော့ပေါ့ပေးလိုက်တာဟာ သမ္မတ ဦးသိန်းစိန် အမေရိကန်ခရီးစဉ်ရဲ့ အောင်မြင်မှုဖြစ်တယ်လို့လည်း သူကပြောပါတယ်။

အခုလို ရုပ်သိမ်းပေးလိုက်တဲ့အတွက် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံလိုသူတွေအတွက် ယုံကြည်မှု ပိုမိုရရှိစေသလို မြန်မာပြည်သူတွေအတွက်လည်း အကျိုးရှိမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

၂၀၀၃ ခုနှစ်က အမေရိကန်အစိုးရက သွင်းကုန်ပိတ်ဆို့ရေး မူဝါဒ ချမှတ်ခဲ့တဲ့အတွက် မြန်မာနိုင်ငံက အထည်ချုပ်လုပ်ငန်းတွေ ကျဆင်းခဲ့ရပါတယ်။ အခုလို မြန်မာနိုင်ငံကသွင်းကုန်တွေကို ပြန်လည် တင်သွင်းခွင့်ပြုဖို့ လျှော့ပေါ့ပေးလိုက်တဲ့အတွက် အထည်ချုပ်လုပ်ငန်းတွေအတွက် အကျိုးရှိနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း အထည်ချုပ်လုပ်ငန်းအသင်း ဒုဥက္ကဋ္ဌ ဦးအောင်ဝင်းကလည်း ပြောဆိုပါတယ်။