မြန်မာဘက်က ထွက်ပြေးလာသူတွေကို ပြန်ပို့ဖို့ မဏိပူပြည်နယ်အစိုးရ ညွှန်ကြား

RFA Burmese
2023.07.25
မြန်မာဘက်က ထွက်ပြေးလာသူတွေကို ပြန်ပို့ဖို့ မဏိပူပြည်နယ်အစိုးရ ညွှန်ကြား ၂ဝ၂၃ ခုနှစ် မေလ ၅ ရက်နေ့က တွေ့မြင်ရသည့် အိန္ဒိယနိုင်ငံ၊ မဏိပူပြည်နယ် နယ်စပ်တစ်နေရာမြင်ကွင်း။
AFP

တိုက်ပွဲတွေကြောင့် နယ်စပ်ဖြတ်ပြီး အိန္ဒိယနိုင်ငံ မဏိပူပြည်နယ်ထဲကို ထွက်ပြေးလာတဲ့ မြန်မာဒုက္ခသည် ခုနစ်ရာကျော်ကို နေရပ်ပြန်ပို့ဖို့ မဏိပူအစိုးရက အိန္ဒိယနယ်ခြားစောင့်တပ်ကို ညွှန်ကြား လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ ရက်နဲ့ ၂၃ ရက် နှစ်ရက်တည်းမှာတင် မြန်မာနိုင်ငံက ဒုက္ခသည် ၇၁၈ ယောက် အိန္ဒိယဘက်ကို ထွက်ပြေးလာတယ်လို့ မဏိပူအစိုးရရဲ့ ဇူလိုင် ၂၄ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ခရီးသွားလာခွင့် အထောက်အထားမရှိတဲ့ ရာနဲ့ချီတဲ့ဒုက္ခသည်တွေကို ဘာကြောင့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခွင့် ပြုခဲ့သလဲဆိုတာကို အစီရင်ခံတင်ပြဖို့လည်း နယ်ခြားစောင့်တပ်ကို တောင်းဆိုထားပါတယ်။

ထွက်ပြေးလာသူတွေထဲမှာ ကလေးအယောက်သုံးရာကျော်နဲ့ အမျိုးသမီးနှစ်ရာကျော် ပါတယ်လို့ ဆိုပါတယ်။

အိန္ဒိယနယ်ခြားစောင့်တပ်ဖြစ်တဲ့ အာသံသေနတ်ကိုင်တပ်ရင်းအနေနဲ့ မြန်မာနိုင်ငံထဲကနေ အထောက်အထားမဲ့ ထွက်ပြေးလာသူတွေ မဏိပူထဲဝင်မလာအောင် တင်းတင်းကြပ်ကြပ်ဆောင်ရွက်ဖို့၊ အခုဝင်လာတဲ့ ဒုက္ခသည် တစ်ယောက်ချင်းစီရဲ့ အချက်အလက်နဲ့ ဓာတ်ပုံတွေ မှတ်တမ်းပြုစုထားဖို့လည်း ပြောဆိုထားပါတယ်။

ဒါ့အပြင် ချန်ဒယ်ခရိုင် ရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲကိုယ်တိုင် ဒီအမိန့်စာပါ ညွှန်ကြားချက်တွေ အကောင်အထည်ဖော်ရာမှာ ကြီးကြပ်ဆောင်ရွက်ဖို့လည်း ညွှန်ကြားထားပါတယ်။

စစ်ကိုင်းတိုင်း တမူးခရိုင် အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးလမ်းမပေါ်မှာရှိတဲ့ ခါမ်းပါတ်မြို့မှာ ဇူလိုင်လ ၂၃ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ တမူးပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေ တိုက်ပွဲပြင်းထန်နေတာပါ။

တိုက်ပွဲကြောင့် ဒေသခံနှစ်ထောင်နီးပါး နီးစပ်ရာကျေးရွာတွေနဲ့ အိန္ဒိယဘက်ခြမ်းကို ထွက်ပြေးနေရတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။