မီဇိုရမ်ပြည်နယ်မှာ လက်နက်ခဲယမ်း သိမ်းဆည်းမိမှုနဲ့ မြန်မာတစ်ဦးအပါအဝင် သုံးဦးကိုဖမ်းဆီး
2023.07.25
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ ဖောက်ခွဲရေးပစ္စည်းတွေ၊ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသားတစ်ဦးအပါအဝင် သုံးဦးကို ဖမ်းဆီးထားကြောင်း အိန္ဒိယအမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ (NIA) က ဇူလိုင် ၂၅ ရက်နေ့က ပြောပါတယ်။
အသက် ၄၈ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦး၊ အသက် ၄၃ နှစ်နဲ့ ၅၅ နှစ်အရွယ် ဒေသခံအိန္ဒိယနိုင်ငံသား နှစ်ဦးကို ဖမ်းဆီးထားတာလို့ NIA ပြောရေးဆိုခွင့်ရှိသူကပြောကြောင်း အိန္ဒိယအခြေစိုက်သတင်းဌာနတွေက ရေးပါတယ်။
ဖောက်ခွဲရေးပစ္စည်းတွေနဲ့ သေနတ်တွေ သယ်လာတဲ့ ကုန်တင်ကားနှစ်စီးကို အိန္ဒိယနိုင်ငံ အိုက်ဇောမြို့မှာ အာသံရိုင်ဖယ်တပ်ဖွဲ့က ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မေလ ၁ ရက်နေ့က ဖမ်ဆီးရမိခဲ့တာနဲ့ ပတ်သက်ပြီး အဲဒီသုံးဦးကို ဖမ်းဆီးထားတာပါ။
မီဇိုရမ်ပြည်နယ်ကနေ မြန်မာနိုင်ငံကို ဖောက်ခွဲရေးပစ္စည်းတွေနဲ့ လက်နက်တွေ သယ်ဆောင်နေတာနဲ့ ဆက်စပ်ပြီး သံသယရှိတဲ့ နေအိမ်တွေကို ဝင်ရောက်ရှာဖွေခဲ့ရာမှာ ပစ္စည်းအများအပြားကို သိမ်းဆည်း ရမိခဲ့တယ်လို့လည်း NIA ပြောရေးဆိုခွင့်ရှိသူက ပြောထားပါတယ်။ နယ်စပ်ကိုဖြတ်ပြီး မြန်မာနိုင်ငံထဲကို ပို့မဲ့ပစ္စည်းတွေကို ဖမ်းဆီးရမိတာလို့လည်းဆိုပါတယ်။
အိန္ဒိယနိုင်ငံသားရဲ့ လက်နက်ဝယ်ယူခွင့်လိုင်စင်ကို အသုံးပြုပြီး ဂူဝါဟတီမြို့က လက်နက်ကုမ္ပဏီတစ်ခုကနေ လက်နက်နဲ့ ဖောက်ခွဲရေးပစ္စည်းတွေ ဝယ်ယူခဲ့တာဖြစ်ပြီး ဒီလက်နက်တွေကို မြန်မာနိုင်ငံဘက်ကို မှောင်ခိုပို့တယ်လို့ ဆိုပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေတယ်လို့ NIA က ပြောထားပါတယ်။