မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှုမှာ Special Rupee Vostro Account (SRVA) ကို အသုံးပြုပြီး ကျပ်နဲ့ ရူပီး တိုက်ရိုက်ပေးချေတဲ့စနစ်ကို ဖေဖော်ဝါရီလမှာ စတင်အကောင်ထည်ဖော်မယ်လို့ စစ်ကောင်စီရဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ဇန်နဝါရီ ၂၆ ရက်နေ့မှာ ပြောခဲ့ပါတယ်။
ကျပ်နဲ့ ရူပီး ပေးချေမှုအတွက် မြန်မာဘက်က UAB ဘဏ်နဲ့ CB ဘဏ်၊ အိန္ဒိယဘက်က ပန်ဂျပ်အမျိုးသားဘဏ် (Punjab National Bank) တို့ကို ရွေးချယ်ထားတယ်လို့ ဆိုပါတယ်။
အိန္ဒိယနိုင်ငံကနေ အဓိကတင်သွင်းနေတဲ့ ဆေးဝါးနဲ့ ကုန်စည်တွေအတွက် ပေးချေရတဲ့ အမေရိကန်ဒေါ်လာ လိုအပ်ချက် လျော့နည်းသွားပြီး နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေ ရရှိစေမယ်လို့လည်း ဗဟိုဘဏ်ဥက္ကဋ္ဌက ပြောပါတယ်။
စစ်ကောင်စီရဲ့ စီမံကိန်းနဲ့ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးမောင်မောင်ဝင်းကတော့ စစ်ကောင်စီပိုင် မြန်မာ့ နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို အမေရိကန်အစိုးရက အရေးယူခဲ့တာကြောင့် နိုင်ငံခြားငွေရရှိမှုနဲ့ သုံးစွဲမှုအပါအဝင် ကဏ္ဍအားလုံးအပေါ် သက်ရောက်နေတယ်လို့ ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၂ နေ့မှာ ဝန်ခံပြောဆိုထားပါတယ်။
မြန်မာ - အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှုကို လက်ရှိ တမူးကုန်သွယ်ရေးစခန်းကနေ ဆောင်ရွက်နေပြီး ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်ကနေ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်အထိ ပို့ကုန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၈၉ သန်း၊ သွင်းကုန် ဒေါ်လာ ၀ ဒသမ ၈၂၆ သန်း ရှိခဲ့ပါတယ်။
လက်ရှိ မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေးမှာ ကျပ်နဲ့ ယွမ်၊ မြန်မာ - ထိုင်း နယ်စပ်ကုန်သွယ်ရေးမှာ ကျပ်နဲ့ ဘတ် တိုက်ရိုက်ပေးချေပြီး ကုန်သွယ်မှုတွေ ပြုလုပ်နေကြပါတယ်။
အာဏာသိမ်းစစ်ကောင်စီကို ဖိအားပေးတဲ့အနေနဲ့ အမေရိကန်ဒေါ်လာ အပါအဝင် နိုင်ငံခြားငွေသုံးစွဲနေတဲ့ စစ်ကောင်စီရဲ့ ဘဏ်နှစ်ခုကို အရေးယူပိတ်ဆို့ဒဏ်ခတ်ကြောင်း အမေရိကန်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့မှာ ကြေညာထားပါတယ်။