အာဏာသိမ်းကာလအတွင်း အစုအပြုံလိုက်သတ်ဖြတ်မှုကြောင့် အရပ်သား ၁၃ဝဝ ကျော် သေဆုံး
2024.10.23
စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်အတွင်း အစုအပြုံလိုက် သတ်ဖြတ်ခံရတဲ့ဖြစ်ရပ် ၆၅ ခုထက်မနည်းရှိခဲ့ပြီး စုစုပေါင်း တစ်ထောင့်သုံးရာကျော် (၁,၃ဝ၇ ဦး) သေဆုံးခဲ့တယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP-Myanmar) က အောက်တိုဘာ ၂၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
အဲဒီသတ်ဖြတ်မှုတွေထဲမှာ စစ်တပ်နဲ့ ပျူစောထီးအပါအဝင် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေ ကျူးလွန်ခဲ့တဲ့အမှုပေါင်း ခြောက်ဆယ်ထက် မနည်းရှိခဲ့ပြီး အရပ်သား တစ်ထောင့်နှစ်ရာကျော် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က ကျူးလွန်တဲ့ အစုအပြုံလိုက်သတ်ဖြတ်မှု အများစုဟာ စစ်ကိုင်းတိုင်းအတွင်းမှာ ဖြစ်ပါတယ်။
အောက်တိုဘာလ ၁၂ ရက်ကနေ ၁၇ရက်အတွင်း ဘုတလင်မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီ တပ်မ (၃၃) လက်အောက်ခံတပ်ဖွဲ့တွေဟာ စိုင်ပြင်လေး၊ စီပါ၊ တက်လှိုင်း၊ ကျွဲသေချောင်း၊ အိုင်ပေါင်းချောင်နဲ့ ဆယ်ဝ ရွာတွေကို ဝင်ရောက်မီးရှို့ပြီး အရပ်သား နှစ်ဆယ်ဦးထက်မနည်းကို သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီထဲမှာ စီပါရွာသား ခြောက်ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာပါ။ အာဏာသိမ်းပြီးနောက် အလားတူဖြစ်စဉ်မျိုး နိုင်ငံအနှံ့မှာ ၂၃ ခုထက်မနည်း ရှိခဲ့ပြီး အရပ်သား ၄၃၈ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ISP က ထုတ်ပြန်ပါတယ်။
အောက်တိုဘာလ ၁၈ ရက်နေ့က ဘုတလင်မြို့နယ် စီပါရွာမှာ ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရသူ ခြောက်ဦးနဲ့ ပတ်သက်ပြီး သူတို့တပ်သားတွေ ကျူးလွန်တာမဟုတ်ကြောင်း စစ်ကောင်စီက အောက်တိုဘာလ ၂၁ ရက်နေ့မှာ ငြင်းဆိုထားပါတယ်။ ISP အဖွဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ISP-Myanmar ရဲ့ ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်မဟုတ်တဲ့ တခြားလက်နက်ကိုင်တပ်ဖွဲ့တွေ ကျူးလွန်တဲ့ အစုအပြုံလိုက်သတ်ဖြတ်မှု ငါးခုထက်မနည်းရှိခဲ့ပြီး သေဆုံးသူ အရပ်သား ၉၇ ဦးထက်မနည်းရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်မဟုတ်တဲ့ တခြားလက်နက်ကိုင်တပ်ဖွဲ့တွေကတော့ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO)၊ ပအိုဝ်းအမျိုးသားတပ်မတော် (PNA/PNO)၊ ကူကီးအမျိုးသားများတပ်မတော် (KNA/KNO)နဲ့ အဖွဲ့နာမည်အတိအကျမသိရတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ နှစ်ဖွဲ့ကို ဆိုလိုတာဖြစ်တယ်လို့ ISP က ဖော်ပြပါတယ်။
ထုတ်ပြန်ချက်ထဲမှာတော့ ၂ဝ၂၃ ခုနှစ် နိုဝင်ဘာလက တမူးမြို့နယ် သနန်ရွာက ဒေသခံ ၃၇ ဦးကို ကူကီးလက်နက်ကိုင်တပ်က ဖမ်းဆီး သတ်ဖြတ်ခဲ့တယ်လို့ ထည့်သွင်းဖော်ပြထားပါတယ်။
ISP ထုတ်ပြန်ချက်မှာဖော်ပြတဲ့ စစ်ကောင်စီတပ်မဟုတ်တဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို RFA က ဆက်သွယ်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။