မြန်မာစစ်တပ် အရေးယူမခံရတဲ့အခြေအနေကို အဆုံးသတ်ရမယ်လို့ ဗြိတိန် ပြော

ပြည်သူ့စစ်မှုထမ်းဥပဒေကို အထူးစိုးရိမ်ပူပန်နေကြောင်းနဲ့ မြန်မာစစ်တပ် အရေးယူမခံရတဲ့ အခြေအနေကို အဆုံးသတ်ရမယ်လို့ ဗြိတိန်လူ့အခွင့်အရေး သံတမန် ရီတာဖရန့်ချ်က ပြောလိုက်ပါတယ်။

ဆွစ်ဇလန်နိုင်ငံ ဂျနီဗာမြို့က ၅၅ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးညီလာခံမှာ ပြောလိုက်တာပါ။

မြန်မာစစ်တပ်ဟာ ရွာတွေမီးရှို့တာ၊ လူတွေအစုအပြုံလိုက် သတ်တာ၊ အရပ်သားတွေကို လေကြောင်းကနေ တိုက်တာတွေ အပါအဝင် ကြမ်းကြုတ်ရက်စက်မှုတွေ ဆက်ပြီးကျူးလွန်နေတယ်ဆိုတဲ့ မြန်မာနိုင်ငံ ဆိုင်ရာလူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အင်ဒရူးရဲ့ တင်ပြချက်ဟာ ရှင်းလင်းပြတ်သား တယ်လို့ မစ္စ ရီတာဖရန့်ချ်က ပြောပါတယ်။

မြန်မာပြည်သူတွေကို ပိုပြီးဖိဆီးနှိပ်စက်ရာရောက်စေတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ အတည်ပြုဆောင်ရွက်နေတာကိုလည်း အကြီးအကျယ် စိုးရိမ်ပူပန်နေတယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာတွေလည်း နှစ်နဲ့ချီပြီး ခွဲခြားဆက်ဆံခံခဲ့ရတဲ့ဒဏ်ကြောင့် အားနည်းတဲ့ လူ့အဖွဲ့အစည်းဖြစ်နေသေးတယ်လို့ သူက ပြောပါတယ်။

ဒါကြောင့် ဗြိတိန်အနေနဲ့ ပစ်မှတ်ထားအရေးယူပိတ်ဆို့တာတွေ ဆက်လက်ဆောင်ရွက်နေတာဖြစ်သလို၊ လုံခြုံရေးကောင်စီသိအောင်လည်း မီးမောင်းထိုးပြနေတာလို့ မစ္စ ရီတာဖရန့်ချ်က ဆွေးနွေးတင်ပြပါတယ်။