မြန်မာစစ်ကောင်စီနဲ့ ထိုင်းစစ်အစိုးရ ဒုတိယဝန်ကြီးချုပ်တို့ကြား အလွတ်သဘောတွေ့ဆုံဆွေးနွေးခဲ့တာကို ကန့်ကွက်ရှုတ်ချကြောင်း အာဆီယံနိုင်ငံ လွှတ်တော်အမတ်များအဖွဲ့ (APHR) က ဇွန်လ ၁၉ ရက်နေ့က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာဒွန်ပရာမွန်းဝီနိုင်းတို့ဟာ ဇွန်လ ၁၈ ရက်နဲ့ ၁၉ ရက် နှစ်ရက်ကြာ ပတ္တရားမြို့မှာ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
ဒီလိုဆွေးနွေးတာဟာ မြန်မာပြည်သူတွေနဲ့အာဆီယံကို သစ္စာဖောက်တဲ့ လုပ်ရပ်လို့ APHR က ဝေဖန်ပါတယ်။
ထိုင်းအစိုးရအပါအဝင် နိုင်ငံတချို့အနေနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ မြန်မာအာဏာသိမ်းစစ်ကောင်စီနဲ့ ပတ်သက်ဆက်ဆံဖို့ ဆန္ဒရှိနေတဲ့အပေါ် စိတ်ပျက်မိတယ်လို့ APHR အဖွဲ့ ပူးတွဲဥက္ကဋ္ဌ မလေးရှားနိုင်ငံ လွှတ်တော်အမတ် Charles Santiago က ပြောပါတယ်။
အဲဒီဆွေးနွေးပွဲကို တက်ရောက်ဖို့ ထိုင်းဒုဝန်ကြီးချုပ်ဘက်က အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေကို ဖိတ်ကြားခဲ့ပါသေးတယ်။ ဒါပေမဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှား၊ စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ်တို့က ငြင်းဆန်ခဲ့ပါတယ်။
ဒီလို ငြင်းဆန်ခံနေရတာကိုတောင် ဆွေးနွေးပွဲဆက်လုပ်တာဟာ ထိုင်းနဲ့ မြန်မာပြည်သူတွေကို မထီမဲ့မြင်လုပ်တာလို့ APHR အဖွဲ့ကပြောပါတယ်။
ဒီဆွေးနွေးပွဲကို အာဆီယံအဖွဲ့ဝင်တွေဖြစ်တဲ့ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ ဗီယက်နမ်အပြင် တရုတ်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ အထူးကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။
အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကိစ္စအပါအဝင်၊ နိုင်ငံတွင်းတည်ငြိမ်ရေး၊ ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးနဲ့ စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့တယ်လို့ စစ်တပ်က ထုတ်ပြန်ပါတယ်။ တက်ရောက်ခဲ့တဲ့ နိုင်ငံတွေဘက်ကတော့ ထုတ်ပြန်တာ မရှိသေးပါဘူး။
မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံနိုင်ငံတွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တရားဝင်တွေ့ဆုံဆွေးနွေးဖို့၊ အာဆီယံဘုံသဘောတူညီချက်တွေ မြန်မာစစ်တပ်ဘက်က လိုက်နာလာအောင်လုပ်ဖို့ APHR အဖွဲ့က တိုက်တွန်းနေတာဖြစ်ပါတယ်။