သက်သေမလာတဲ့အတွက် ကိုဆွေဝင်းအမှုကို ရုပ်သိမ်းဖို့ ရှေ့နေတင်ပြ

Myanmar Now သတင်းဌာနအယ်ဒီတာချုပ် ကိုဆွေဝင်းအပေါ် တရားစွဲထားတဲ့ အဓိကတရားလိုပြသက်သေတွေဖြစ်တဲ့ ဆရာတော် ဦးဝီရသူ အပါအဝင် သုံးဦးဟာ တရားရုံးချိန်းတိုင်းမှာ လာရောက်ခြင်းမရှိတဲ့အတွက် အဲဒီသက်သေတွေကို စစ်ဆေးခြင်းမပြုတော့ဘဲ ဥပဒေနဲ့အညီ အမှုကိုရပ်စဲပေးဖို့ ကိုဆွေဝင်းရဲ့ ရှေ့နေက မဟာအောင်မြေမြို့နယ်တရားရုံးမှာ ဒီနေ့ လျှောက်ထားခဲ့ပါတယ်။

တရားလိုပြသက်သေတွေဖြစ်တဲ့ ဦးဝီရသူဟာ နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တရားစွဲခံထားရပြီး ရှောင်တိမ်းနေသလို၊ အမှုစစ်အရာရှိဖြစ်တဲ့ ရဲအုပ် ကျော်သူကလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ခံရပြီးနောက် ရှောင်တိမ်းနေပါတယ်။

အမှုတွဲမှာတရားလိုနဲ့ တရားလိုပြသက်သေ ၁၃ ဦးရှိတဲ့အနက် ခုနှစ်ဦးကိုစစ်ဆေးပြီး ဥပဒေအရာရှိက နှစ်ဦးကို ပယ်ခဲ့တဲ့အတွက် လက်ရှိမှာစစ်ဆေးဖို့ တရားလိုပြသက်သေတွေဖြစ်တဲ့ ဦးဝီရသူ၊ ဒုရဲအုပ် ကျော်သူနဲ့ ကိုကျော်စွာထွန်းတို့ ကျန်ရှိနေတာဖြစ်ပါတယ်။

သူတို့ကို ၂၀၁၈ ခုနှစ် ဇူလိုင် ၂၀ ရက်ကတည်းက တရားရုံးက ဆင့်ခေါ်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၉ ခုနှစ် မေလအထိ ရုံးချိန်းပေါင်း ၂၀ ကျော်တဲ့အထိ တရားရုံးကို မလာရောက်ခဲ့တဲ့အတွက် တရားလိုပြသက်သေတွေ မလာရင် ဘာလုပ်ရမယ်ဆိုတာ ဥပဒေကလည်း ပြဌာန်းထားသလို တရားသူကြီးချုပ်ကိုယ်တိုင်ကလည်း ညွှန်ကြားချက် ထုတ်ထားတာရှိတဲ့အတွက် အဲဒီနှစ်ချက်ကို အသုံးပြုပြီး ဒီအမှုကိုရပ်စဲဖို့ လျှောက်ထားခဲ့တာဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်က ပြောပါတယ်။

စစ်ဆေးပြီးသက်သေတွေရဲ့ ထွက်ဆိုချက်တွေအရပဲ စွဲဆိုထားတဲ့အမှုကို ဥပဒေနှင့်အညီ အမိန့်တစ်ရပ်ချမှတ်ပေးဖို့ လျှောက်ထားခဲ့တယ်လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်က ပြောပါတယ်။

တရားလိုဘက်က အမှုလိုက်ပါဆောင်ရွက်သူ ဥပဒေအရာရှိကတော့ တရားလိုပြသက်သေ သုံးဦးကို ဆက်လက်စောင့်ဆိုင်းစစ်ဆေးခွင့်ပြုပေးဖို့ ဒီနေ့ ရုံးချိန်းမှာ တင်ပြလျှောက်ထားခဲ့ပါတယ်။

ရှေ့နေဦးကိုနီ အသတ်ခံရတဲ့အမှုမှာ လုပ်ကြံသူတွေကို ဦးဝီရသူက ကျေးဇူးတင်စကားဆိုတာဟာ "ရဟန်းတစ်ပါးအနေနဲ့ ပါရာဇိကကံထိုက်တယ်" ဆိုပြီး သံဃာတော်တစ်ပါးရဲ့ မှတ်ချက်ပါတဲ့ ဆောင်းပါးကို ကိုဆွေဝင်းက facebookမှာ ပြန်ပြီး ဖော်ပြခဲ့တဲ့အတွက် ဦးဝီရသူရဲ့တပည့် ဦးကျော်မျိုးရွှေ က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ ၂ဝ၁၇ ခုနှစ် မတ်လက အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မနက်ဖြန်မှာ နှစ်ဘက်ရှေ့နေတွေ အပြန်အလှန်လျှောက်ထားကြမှာ ဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင် ပေးပို့တာပါ။