စစ်ကောင်စီဥက္ကဋ္ဌနဲ့ ထိုင်းစစ်ဦးစီးချုပ်တို့ နယ်စပ်ဒေသအရေး တွေ့ဆုံဆွေးနွေး

RFA Burmese
2023.01.21
စစ်ကောင်စီဥက္ကဋ္ဌနဲ့ ထိုင်းစစ်ဦးစီးချုပ်တို့ နယ်စပ်ဒေသအရေး တွေ့ဆုံဆွေးနွေး ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ပြုလုပ်သည့် မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးအား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့က တွေ့ရစဉ်။
Myanmar Military

ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသ အေးချမ်းတည်ငြိမ်ရေး ပူးပေါင်းဆောင်ရွက်မယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိုင်းစစ်ဦးစီချုပ်နဲ့ တွေ့ဆုံချိန်မှာ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက ဇန်နဝါရီလ ၂၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ထိုင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Chalermphon Srisawasdi တို့ (၈) ကြိမ်မြောက် မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့် အရာရှိတွေ အစည်းအဝေးကို ရခိုင်ပြည်နယ် သံတွဲမြို့မှာ ဇန်နဝါရီလ ၂၀ ရက်က ပြုလုပ်ခဲ့ပါတယ်။

အဲဒီအစည်းအဝေးမှာ နယ်စပ်တစ်လျှောက် ပြည်သူတွေရဲ့ အေးချမ်းတည်ငြိမ်ရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ သဘာဝဘေးအန္တရာယ် ကြိုတင်တားဆီးကာကွယ်ရေးတွေ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာ-ထိုင်းနယ်စပ်တစ်လျောက် တိုင်းရင်းသား လက်နက်ကိုင် တွေ ခြေကုပ်ယူထားတဲ့ နယ်မြေတွေမှာ အရပ်သား လက်နက်ကိုင်ပုန်ကန်သူတွေက စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတာပါ။ စစ်ကောင်စီတပ်က ဒီပုန်ကန်မှုကို ကုန်းကြောင်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတာပါ။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ထိုင်း-မြန်မာနယ်စပ်မှာ လေကြောင်းတိုက်ခိုက်မှုလုပ်တဲ့အခါ ကြိုတင်နားလည်မှုယူထားတဲ့ ဆွေးနွေးမှုတွေ ပါဝင်နိုင်တယ်လို့ သုံးသပ်ပါတယ်။

"အထူးသဖြင့် အခုနယ်စပ်ပြဿနာမှာ KNU ဒေသကို လေကြောင်းထိုးစစ်ဆင်တဲ့ နေရာမှာ ထိုင်းနယ်ထဲ ဗုံးကျတဲ့ပြဿနာရှိပါတယ်။ ဒုက္ခသည်ပြဿနာလည်း ရှိပါတယ်။ KNDF ၊ KNU အနေနဲ့ နယ်စပ်မျဉ်းပေါ်မှာရှိတဲ့ စစ်စခန်းသုံးခုကို သိမ်းပိုက်ထားတဲ့ အခြေအနေလည်းရှိတယ်။ အဲဒီအနေအထားတွေနဲ့ ပတ်သက်ပြီးတော့ ထိုင်း ကာကွယ်ရေးဦးစီးချုပ်နဲ့ အသေအချာပြောကြားရမယ့် ကိစ္စဖြစ်လိမ့်မယ်လို့ ထင်ပါတယ်"

လက်ရှိ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့ဟာ မြန်မာ-ထိုင်းနယ်စပ်ဒေသမှာ အခြေစိုက်လှုပ်ရှားနေတာပါ။

စစ်ကောင်စီ ထုတ်ပြန်ချက်မှာတော့ နှစ်နိုင်ငံစစ်တပ်အကြား ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေချမှတ်ဖို့နဲ့ နယ်စပ်ဒေသက တပ်ဖွဲ့တွေ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ သဘောတူညီချက်တချို့ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ စစ်ကောင်စီကို ထိတွေ့ဆက်ဆံနေတဲ့ နိုင်ငံအနည်းငယ်ထဲက တစ်နိုင်ငံဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။