ဗြိတိန်နာမည်ကျော်ကုန်တိုက် မြန်မာ့ကျောက်မျက်ရတနာ ရောင်းချမှု ရပ်ဆိုင်းမယ်

RFA Burmese
2023.07.26
ဗြိတိန်နာမည်ကျော်ကုန်တိုက် မြန်မာ့ကျောက်မျက်ရတနာ ရောင်းချမှု ရပ်ဆိုင်းမယ် ၂ဝ၁၉ ခုနှစ်က မိုးကုတ်မြို့ ကျောက်မျက်ဈေးတစ်ခုတွင် ခင်းကျင်းပြသထားသော ကျောက်မျက်ရတနာများ။
AFP

ဗြိတိန်နိုင်ငံ လန်ဒန်အခြေစိုက် နာမည်ကျော်ကုန်တိုက်ကြီးတစ်ခုဖြစ်တဲ့ John Lewis Partnership ကုန်တိုက်က မြန်မာနိုင်ငံက ကျောက်မျက်ရတနာတွေကို ရောင်းချတာ ရပ်ဆိုင်းတော့မယ်လို့ ပြောလိုက်ပါတယ်။

မြန်မာ့ကျောက်မျက်ရတနာတွေကို ဝယ်ယူရောင်းချပြီး စစ်ကောင်စီကို ထောက်ပံ့သလို မဖြစ်စေဖို့ John Lewis ကုန်တိုက်အပါအဝင် ကုမ္ပဏီ ၄ဝ ကို မြန်မာ့အရေးလှုပ်ရှားနေတဲ့ Burma Campaign UK အဖွဲ့က ပြီးခဲ့တဲ့ မေလထဲမှာ စာရေးသားတောင်းဆိုခဲ့တာပါ။

ဇူလိုင်လ ၂၅ ရက်နေ့မှာတော့ John Lewis Partnership ကုန်တိုက်က အခုလို အကြောင်းပြန်ကြားလာတာဖြစ်ကြောင်း Burma Campaign UK အဖွဲ့က ဇူလိုင် ၂၆ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

"မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေအတွက် စိုးရိမ်ပူပန်ကြောင်း၊ သူတို့ကုန်တိုက်အနေနဲ့ ကျောက်မျက်ရတနာ အနည်းအကျဉ်းကိုပဲ ဝယ်ယူခဲ့တာဖြစ်ပေမဲ့ စစ်ကောင်စီကို ထောက်ပံ့တဲ့ လမ်းကြောင်းထဲ ရောက်နေဆဲဖြစ်ကြောင်း" John Lewis Partnership ကုန်တိုက်က Burma Campaign UK အဖွဲ့ကို ပြန်ကြားတဲ့စာမှာ ဖော်ပြပါရှိပါတယ်။

John Lewis ကုန်တိုက်ရဲ့ အခုလိုဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်းနဲ့ ကျောက်မျက်ကုမ္ပဏီတွေက ဝယ်ယူရောင်းချတဲ့ ကျောက်မျက်ရတနာတွေဟာ မြန်မာစစ်တပ်က မြန်မာပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်တဲ့ ကျည်ဆန်နဲ့ ဗုံးတွေ ဝယ်ယူရာမှာ ထောက်ပံ့ကူညီတာမျိုး မဖြစ်စေဖို့ လိုအပ်ကြောင်း Burma Campaign UK ရဲ့ ဒါရိုက်တာ Mark Farmaner က ပြောပါတယ်။

အလားတူ တခြားကျောက်မျက်ကုမ္ပဏီတွေအနေနဲ့လည်း ကျောက်မျက်တွေ ဝယ်ယူရောင်းချပြီး မြန်မာစစ်တပ်က ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ လက်နက်ဝယ်ယူရေးမှာ ကူညီပေးတဲ့ အရင်းအမြစ်မဖြစ်ကြစေဖို့ တောင်းဆိုတယ်လို့ ဆိုပါတယ်။

နှစ်စဥ်အမေရိကန်ဒေါ်လာ နှစ်ဘီလီယံ ဝင်ငွေရနေတဲ့ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းကို ၂ဝ၂၁ ခုနှစ် စစ်အာဏာ သိမ်းပြီးကတည်းက စစ်ကောင်စီက ထိန်းချုပ်ထားပြီး ကျောက်မျက်ရတနာတွေကို တရားဝင်ရော တရားမဝင်တဲ့ နည်းလမ်းတွေနဲ့ပါ ရောင်းချပြီး ပုံစံအမျိုးမျိုးနဲ့ ဝင်ငွေရနေတယ်လို့လည်း ဆိုပါတယ်။

ဗြိတိန်အခြေစိုက် TJC ကျောက်မျက်ကုမ္ပဏီကလည်း မြန်မာ့ပတ္တမြားနဲ့ ကျောက်မျက်ရတနာတွေ ရောင်းချနေတာတွေကို ရပ်တန့်လိုက်ကြောင်း ဇွန်လထဲမှာ ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။