ပိုဆိုးလာတဲ့ မြန်မာအကျပ်အတည်းနဲ့ ဒေသတွင်း သက်ရောက်မှုတွေအပေါ် အရေးပေါ် ကိုင်တွယ်ဖြေရှင်းဖို့ သြစတြေးလျကို ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews က အောက်တိုဘာ ၁၀ ရက် ဒီနေ့မှာ တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ပတ်သက်ပြီး သြစတြေးလျနိုင်ငံကို ရောက်နေတဲ့ သူ့ရဲ့ ဆယ်ရက်ကြာ ခရီးစဥ်ဟာ ဒီနေ့မှာ အဆုံးသတ်ခဲ့ပြီး မြန်မာ့အကျပ်အတည်းကို ဒေသတွင်းနဲ့ နိုင်ငံတကာ တုံ့ပြန်မှုတွေ ပိုမိုထိရောက်အောင် ကူညီဆောင်ရွက်ပေးဖို့အတွက် တိုက်တွန်းခဲ့တာလည်း ဖြစ်ပါတယ်။
စစ်အာဏာရှင် ရှင်သန်ဖို့လိုအပ်တဲ့ အချက်သုံးချက်ဖြစ်တဲ့ ငွေကြေး၊ လက်နက်နဲ့ တရားဝင်ဖြစ်မှုတွေကို ဖြတ်တောက်ဖို့အတွက် ဗျူဟာမြောက် ဆောင်ရွက်ချက်တွေကို မဖြစ်မနေ ညှိနှိုင်းဆောင်ရွက်ဖို့ Tom Andrews က ပြောဆိုခဲ့ပါတယ်။
ကမ္ဘာ့နိုင်ငံတွေအနေနဲ့ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရေးအတွက် အရေးပေါ် အစည်းအဝေး ကျင်းပဖို့လည်း တောင်းဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ကမ္ဘာက မျက်ကွယ်ပြုခံထားရတဲ့ အကျပ်အတည်း ပြဿနာတွေ ဖြစ်နေပြီး ဒီအခြေအနေကို နိုင်ငံတကာက တုံ့ပြန်ဖို့ ပျက်ကွက်နေတယ်လို့လည်း သူက ဆိုပါတယ်။
မြန်မာပြည်သူတွေအပေါ် ဆက်လက် ဖိနှိပ်တိုက်ခိုက်နေတာတွေ လုပ်နေတဲ့ စစ်အစိုးရရဲ့ လက်နက်နဲ့ အရင်းအမြစ်တွေ တားဆီးပိတ်ပင်ရေးနဲ့ စစ်ကောင်စီကို ဖယ်ကြဥ်ရေးမှာ သြစတြေးလျရဲ့ ကန့်သတ်ပိတ်ဆို့မှုတွေက အဓိကကျတဲ့ အခန်းကဏ္ဍမှာ ရှိနေတယ်လို့ Tom Andrews က ပြောဆိုခဲ့ပါတယ်။