မြန်မာအမျိုးသမီးတွေ လုံခြုံမှုမရှိကြောင်း အမျိုးသမီးအဖွဲ့တွေ ကုလကို တင်ပြ

RFA Burmese
2024.03.19
မြန်မာအမျိုးသမီးတွေ လုံခြုံမှုမရှိကြောင်း အမျိုးသမီးအဖွဲ့တွေ ကုလကို တင်ပြ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ် အဆောက်အအုံအား ၂ဝ၂၄ ခုနှစ် မတ်လ ၄ ရက်နေ့က တွေ့မြင်ရစဉ်။
Photo: AFP

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံက အမျိုးသမီးတွေရင်ဆိုင်ကြုံတွေ့နေရတဲ့ လုံခြုံမှုမရှိတဲ့အခြေအနေတွေကို မြန်မာအမျိုးသမီးအဖွဲ့တွေက ကုလသမဂ္ဂကို တင်ပြဆွေးနွေးခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပနေတဲ့ (၆၈) ကြိမ်မြောက် အမျိုးသမီးတွေရဲ့အခြေအနေဆိုင်ရာ ကုလသမဂ္ဂကော်မရှင်အစည်းအဝေးမှာ မြန်မာအမျိုးသမီးအဖွဲ့တွေက တင်ပြဆွေးနွေးခဲ့တာပါ။

မတ်လ ၁၁ ရက်နေ့ကနေ မတ်လ ၂၂ ရက်နေ့အထိ ကျင်းပနေတဲ့ အဲဒီကုလသမဂ္ဂအစည်းအဝေးမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးတွေရဲ့ လုံခြုံရေးနဲ့ ဆင်းရဲမွဲတေမှုတွေအကြောင်း အပါအဝင် လက်ရှိထုတ်ပြန်လိုက်တဲ့ စစ်မှုထမ်းဥပဒေတွေအကြောင်း ဆွေးနွေးတင်ပြထားတယ်လို့ အမျိုးသမီးအရေးလှုပ်ရှားသူ မမေစပယ်ဖြူက ပြောပါတယ်။

“မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီးတော့ ကုလသမဂ္ဂစင်မြင့်မှာ ဆွေးနွေးတဲ့အခါတိုင်းမှာ ဒီလိုမျိုး အမျိုးသမီးအဖွဲ့တွေ အရပ်ဘက်အဖွဲ့အစည်းတွေ တောင်းဆိုတင်ပြတဲ့အချက်တွေကို သူတို့ရဲ့ဆွေးနွေးဆုံးဖြတ်ချက်တွေမှာ ထည့်သွင်းဖို့အတွက်တော့ အရေးပါတာ ဖြစ်တယ်။ ဒါဟာ တကယ့်ကို မြေပြင်က တိကျခိုင်မာတဲ့ အချက်အလက်တွေကို ကျွန်မတို့က တိုက်ရိုက်လာပြီးတော့မှ ပြောဆိုတင်ပြနိုင်တာ ဖြစ်တယ်။”

မြန်မာအမျိုးသမီးအဖွဲ့အစည်းတွေ မြေပြင်မှာ ကောက်ယူထားတဲ့ အချက်အလက်တွေနဲ့ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေတွေကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ သိရှိပြီး အရေးယူဆောင်ရွက်ဖို့ တိုက်တွန်းပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်ကကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အကြမ်းဖက်မှုတွေကြောင့် ပြည်သူတွေရဲ့ ထိခိုက်ပျက်စီးမှုအခြေအနေတွေနဲ့ တိုင်းရင်းသားလူနည်းစုအမျိုးသမီးတွေ အပါအဝင် မြန်မာနိုင်ငံသားတွေရဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေရတာကြောင့် နိုင်ငံတကာက လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကြောရေးစခန်းမှာ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာတွေ၊ ငြိမ်းချမ်းစွာ ဆန္ဒပြကြတဲ့ အမျိုးသမီးတွေ ဦးခေါင်းကို ပစ်ခတ်သတ်ဖြတ်ခံရတာတွေကို မတ်လ ၁၃ ရက်နေ့က ကျင်းပတဲ့ အစည်းအဝေးမှာ တင်ပြဆွေးနွေးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။