မြန်မာနိုင်ငံသားတွေ ပြည်ပထွက်အလုပ်လုပ်ဖို့ စစ်ကောင်စီ အားပေးနေ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Covid -19 ကိုရိုနာဗိုင်းရပ် ကူးစက်မှု စမ်းသပ်ရေးဆေးခန်းတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ၂ဝ၂၁ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့က တွေ့ရစဉ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Covid -19 ကိုရိုနာဗိုင်းရပ် ကူးစက်မှု စမ်းသပ်ရေးဆေးခန်းတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ၂ဝ၂၁ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း နိုင်ငံတကာအကူအညီတွေနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဆုံးရှုံးသွားတဲ့အတွက် စစ်ကောင်စီဟာ မြန်မာနိုင်ငံသား တွေကို နိုင်ငံရပ်ခြားမှာ အလုပ်ထွက်လုပ်ကြဖို့ အားပေးနေတယ်လို့ ဒီနေ့ထုတ် Nikkei Asia သတင်းမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ ပြည်ပရောက် မြန်မာနိုင်ငံသား အလုပ်သမားတွေက ပြန်ပို့တဲ့ငွေကို နိုင်ငံခြားငွေအရင်းအမြစ်အဖြစ် ရှုမြင်တဲ့အတွက် ဒီလိုအားပေးတာလို့ သတင်းမှာ ပါရှိပါတယ်။

ပြည်ပကိုအလုပ်သမားပို့တဲ့ အေဂျင်စီတွေအနေနဲ့ ပြည်ပကလုပ်သားခေါ်ယူတဲ့ ကုမ္ပဏီတွေနဲ့ စာချုပ်အရ အမြန်ဆုံး မပို့ဆောင်ခဲ့ရင် လုပ်ငန်းလိုင်စင် ရုပ်သိမ်းမယ်လို့ ပြီးခဲ့တဲ့ ဇွန်လက နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီဟာ ပြည်ပရောက် အလုပ်သမားတွေ ငွေပြန်ပို့တာကို အားပေးတဲ့ စည်းမျဉ်းအသစ်တွေကို ပြဋ္ဌာန်းခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း ငွေလဲနှုန်းတွေကို ပြင်ဆင်ကန့်သတ်ခဲ့ပေမယ့်၊ ပြည်ပရောက် အလုပ်သမားတွေဆီက ပြန်ပို့ငွေတွေကိုတော့ ခြွင်းချက်ပေးထားပါတယ်။

တရားဝင် စာရင်းတွေအရ၊ အခုနှစ် ပထမခြောက်လအတွင်းမှာတင် ပြည်ပက ပြန်ပို့တဲ့ငွေ အမေရိကန် ဒေါ်လာ ၁.၅ ဘီလျံရှိနေပြီလို့ သတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံသားတွေ ပြည်ပထွက်ဖို့ ကြိုးစားမှု များပြားလာတာနဲ့ အမျှ၊ စကားကျွမ်းကျင်မှု စာမေးပွဲဖြေဆိုသူ ဦးရေလည်း တရှိန်ထိုး တိုးတက်လာပါတယ်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလက ဂျပန်ဘာသာစကား စာမေးပွဲဖြေဆိုသူ ၅၂၀၀၀ ရှိခဲ့ပြီး၊ ဇူလိုင်လ ၂ ရက်နေ့က စာမေးပွဲ ဖြေဆိုသူ တစ်သိန်းအထိရှိလာတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။