ထိုင်းမှာ တစ်ပတ်အတွင်း မြန်မာနိုင်ငံသား တစ်ရာကျော် ဖမ်းဆီးခံရ

RFA Burmese
2024.11.07
ထိုင်းမှာ တစ်ပတ်အတွင်း မြန်မာနိုင်ငံသား တစ်ရာကျော် ဖမ်းဆီးခံရ ထိုင်းနိုင်ငံ စမွတ်ပရာကန်ခရိုင်တွင် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများအား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့က တွေ့ရစဥ်။
MATICHON ONLINE Photo

ထိုင်းနိုင်ငံမှာ နိုဝင်ဘာ ၁ ရက်နေ့ကနေ ၇ ရက်နေ့အထိ တစ်ပတ်အတွင်းမှာ နယ်စပ်ဖြတ်ကျော်ဝင်လာသူတွေနဲ့ အထောက်အထားမပြည့်စုံတဲ့ မြန်မာနိုင်ငံသား တစ်ရာကျော်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် အလုပ်သမားအရေး အကူအညီပေးနေသူတွေက ပြောပါတယ်။

နခွန်းစဝမ်ခရိုင်မှာ ၃၈ ဦး၊ စမွတ်စခွန်ခရိုင်မှာ ၁၀ ဦး၊ ရနောင်း-ချွန်ဖွန်း အနီးက တောထဲမှာ ကိုးဦး၊ ကန်ချနဘူရီခရိုင်မှာ ၂၃ ဦး၊ စမွတ်ပရာကန်ခရိုင်မှာ ၁၅ ဦးနဲ့ တာ့ခ်ခရိုင်မှာ ၁၂ ဦး စုစုပေါင်း ၁၀၇ ဦးထိ ဖမ်းဆီးခံခဲ့ရတာပါ။

ဖမ်းဆီးခံရသူတွေထဲမှာ ထိုင်းနိုင်ငံထဲကို တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်တာ၊ လုပ်ငန်းခွင်တွေကို ထိုင်းအာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးစဉ် နေထိုင်ခွင့် အထောက်အထားမပြည့်စုံတာ စတဲ့အကြောင်းအရာတွေကြောင့် ဖမ်းဆီးခံရတာလို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက RFA ကို ပြောပါတယ်။

“တစ်ပတ်အတွင်း မြန်မာတစ်ရာကျော် အဖမ်းခံထားရတယ်။ မြန်မာနိုင်ငံမှာ အလုပ်အကိုင် ရှားပါးပြီးတော့ ၀င်ငွေနည်းပါးတဲ့အတွက် ထိုင်းနိုင်ငံရဲ့ နယ်စပ်၀င်ပေါက်အသီးသီးကနေ တရားမ၀င်မြန်မာတွေ ၀င်ရောက်လာတာ အလုံးအရင်းနဲ့ ရှိတယ်။ သို့သော်လည်း ဒေသဆိုင်ရာ လ.၀.က၊ စစ်တပ်၊ ရဲ အစရှိတဲ့အဖွဲ့တွေကနေ သတင်းထုတ်ပြန်မှုလည်း နောက်ပိုင်းမှာ နည်းလာတဲ့အတွက် ဒီထက်များပြားတဲ့ အရေအတွက်တွေ ရှိနိုင်သေးတယ်”

ဖမ်းဆီးခံရသူတွေထဲ အကြောင်းအရာအလိုက် လူကုန်ကူးမှု ဥပဒေနဲ့ ထောင်ဒဏ် တစ်နှစ်ကနေ နှစ်နှစ်အထိ ကျနိုင်သူတွေ ပါသလို၊ ထိုင်း လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ထောင်ဒဏ်တစ်လခွဲ ကျခံပြီး မြန်မာနိုင်ငံကို ပြန်ပို့ခံရမဲ့ သူတွေလည်း ပါဝင်တယ်လို့ သူက ပြောပါတယ်။

အာဏာသိမ်းပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံထဲ ဝင်ရောက်လာမှုတွေ များနေသလို လူကုန်ကူးခံရမှုတွေလည်း များနေတယ်လို့ အလုပ်သမားအရေး ကူညီနေသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကတော့ ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရတဲ့ မြန်မာအလုပ်သမား ၄၀၅ ဦးကို သက်ဆိုင်ရာ နယ်စပ်ဂိတ်တွေမှာ ပြန်လည်လက်ခံခဲ့တယ်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

တရုတ်၊ မြန်မာနဲ့ ဗီယက်နမ် အပါအဝင် အတိုက်အခံတွေကို နှိပ်စက်ညှဉ်းပန်းတဲ့ မှတ်တမ်းတွေရှိတဲ့ အခြားနိုင်ငံတွေဆီ ထိုင်းအစိုးရအာဏာပိုင်တွေက ဒုက္ခသည်တွေနဲ့ ထိုင်းနိုင်ငံတွင်း ခိုလှုံခွင့်ရှာဖွေသူတွေကို ပြန်မပို့ဖို့ လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW) နိုဝင်ဘာ ၆ ရက်နေ့မှာ တောင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။