ဗြိတိန်၊ ဆွီဒင်၊ ဒိန်းမတ်နဲ့ အိုင်ယာလန်နိုင်ငံက မြန်မာ အလုပ်သမားတွေကို ဝင်ငွေခွန် ဆောင်ရမယ့်အကြောင်း ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးထားတယ်လို့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြန်မာ့အလင်း သတင်းစာမှာ ဒီနေ့ ဖော်ပြပါတယ်။
အဲဒီနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ဝင်ငွေခွန် ထမ်းဆောင်ထားတဲ့ အထောက်အထား မပြသနိုင်ရင် ရရှိတဲ့ လစာဝင်ငွေရဲ့ နှစ်ရာခိုင်နှုန်းကို ဝင်ငွေခွန် ဆောင်ရမယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့က အခွန်ကောက် ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေတစ်ရပ် ပြဋ္ဌာန်းခဲ့ပြီး၊ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ကစလို့ ပြည်ပရောက် မြန်မာတွေရဲ့ ရရှိတဲ့လစာ ဝင်ငွေအပေါ် မူတည်ပြီး ဝင်ငွေခွန် စည်းကြပ်ကောက်ခံမယ်လို့ ကြေညာခဲ့တာပါ။
အဲဒီဥပဒေအရ ပြည်ပရောက် မြန်မာတွေအနေနဲ့ စစ်ကောင်စီရဲ့ လက်အောက်ခံ သံရုံးတွေမှာ နိုင်ငံကူးလက်မှတ် စာအုပ် သက်တမ်းတိုးချိန်မှာ အခွန်ငွေဆောင်မှသာ ရောက်နေတဲ့နိုင်ငံမှာ နေထိုင်ခွင့်ဗီဇာ ရရှိဖို့နဲ့ မြန်မာနိုင်ငံ ပြန်လာခွင့်ရရှိမှာ ဖြစ်ပါတယ်။
ဒီသတ်မှတ်ချက်ဟာ တရားမျှတမှု မရှိဘူးလို့ ပြည်ပရောက် မြန်မာအလုပ်သမား တစ်ဦးဖြစ်တဲ့ ကိုကျော်ထွန်းနိုင်က RFA ကိုပြောပါတယ်။
“ဝင်ငွေခွန် မဆောင်ချင်ဘူး။ ဒါပေမဲ့ ဝင်ငွေခွန် မဆောင်ရင်လည်း ကိုယ်ရောက်နေတဲ့နိုင်ငံမှာ ဒုက္ခရောက်မှာ။ ပြည်ပရောက် မြန်မာ အလုပ်သမားတွေ ဒုက္ခရောက်ရင် စစ်ကောင်စီက ဘာကူညီမှမပေးဘဲ ဝင်ငွေခွန် ဆောင်ခိုင်းတာက မတရားရာ ကျတယ်”
ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ဝင်ငွေခွန်ဆောင်ဖို့အတွက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က စစ်ကောင်စီရဲ့ မြန်မာသံရုံးကလည်း ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
အလားတူပဲ ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ မြန်မာသံရုံးကလည်း ဒီဇင်ဘာလ ၂၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။
ဒီအတွက် ပြည်ပရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ စစ်ကောင်စီရဲ့ ဝင်ငွေခွန် ကောက်မယ့်အပေါ် အပြင်းအထန် ကန့်ကွက်ကြောင်း ထုတ်ဖော်ပြသဖို့နဲ့ သွေးစွန်းငွေ၊ သွေးစွန်းအခွန်များ ဖြတ်တောက်ရာမှာ ပူးပေါင်းပါဝင်ပေးဖို့ ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ အဖွဲ့အစည်း ၁၆ ခုက ဇန်နဝါရီလ ၈ ရက်နေ့မှာ “ပြည်ပသို့ ပေးစာ” နဲ့အတူ တိုက်တွန်းထားပါတယ်။