မြဝတီမှာ စစ်ကောင်စီ၊ BGF နဲ့ KNLA ပူးပေါင်းအဖွဲ့ တိုက်ပွဲဆက်လက်ပြင်းထန်နေ

မြဝတီမြို့ အရှေ့မြောက်ဘက်၊ လက်ခတ်တောင်ဘုရားကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီလက်အောက်ခံ BGF ကရင်နယ်ခြားစောင့်တပ် ၁ဝ၂၂ စခန်းကုန်းအနီးမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တွေနဲ့ ဇူလိုင်လ ၅ ရက်က စဖြစ်ခဲ့တဲ့ တိုက်ပွဲဟာ ဇူလိုင်လ ၁၅ ရက် မနေ့ကည ၉ နာရီထိ ဆက်လက်ပြင်းထန်နေတယ်လို့ KNLA တပ်ရင်း၂၇ ပူးပေါင်းစစ်ကြောင်း တာဝန်ရှိသူကပြောပါတယ်။

တပ်စခန်း မကျစေရေးအတွက် ဇူလိုင်လ ၁၃ ရက်က စပြီး မြဝတီအခြေစိုက်တပ်တွေက နေ့ရောညပါ လက်နက်ကြီးနဲ့ ပစ်ကူပေးပြီး အရှိန်မြှင့် တိုက်ခိုက်လာတာလို့ ဆိုပါတယ်။

"အရင် ပြီးခဲ့တဲ့ရက်တွေက စစ်တပ်က လက်နက်ကြီးပစ်ပေးတယ်၊ စစ်ကြောင်းတက်တယ်။ ကျွန်တော်တို့ တိုက်တယ်။ သူတို့ BGF စစ်ကတုတ်တွေ ရတယ်။ အခု ၁၃ ရက် ၁၄ ရက် ၁၅ ရက်ပေါ့ မနက်ရော ညရော ဆက်တိုက် ပစ်လာတယ်။ တောင်ပေါ်က BGF စခန်းမကျဖို့ ၂၇၅ က အဓိကပစ်ကူပေါ့။ တစ်ခါတလေတော့ လေးကေ့ကော်ကလည်း ပစ်တယ်။ ကြက်ကင်ကုန်းကလည်း ပစ်တယ်၊ ကျိုက်ထီးရိုးကုန်းကနေ ပစ်တယ်။ မိုးရွာနေလည်း ပစ်ထုတ်နေတယ်၊ ထိရောက်မှုတော့ မရှိပါဘူး။ တောင်ပေါ်မှာ ဆက်တိုက်နေကြတုန်းပဲ' လို့ တပ်ရင်း ၂၇ ပူးပေါင်းစစ်ကြောင်းတာဝန်ရှိသူက RFA ကို ပြောပါတယ်။

ဇူလိုင်လ ၁၃ ရက်နေ့ညက ခလရ ၂၇၅ ပစ်လိုက်တဲ့ လက်နက်ကြီးဟာ အေးသုခကျေးရွာ မူလတန်းကျောင်းအနီးက စျေးဆိုင်နေအိမ်ပေါ်ကျပေါက်ကွဲတဲ့အတွက် ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရပြီး အဲဒီထဲက ကျောင်းသားတစ်ဦး သေဆုံးသွားခဲ့တယ်လို့ အေးသုခ ကျေးရွာဒေသခံက ပြောပါတယ်။

စစ်တပ်က ၁၂၀ မမ ၁၀၅မမ လက်နက်ကြီး ပစ်ခတ်တာမှာ အေးသုခရွာ၊ မြစန္ဒီ ကွက်သစ်နဲ့ မေတ္တာလင်းမြိုင် ကျေးရွာတွေဘက်မှာ နေရာယူထားတဲ့ BGF စစ်ကတုတ်ကျင်းတွေ မထိခိုက်စေဖို့ လက်နက်ကြီး ရမ်းသန်းမပစ်ခတ်ဖို့ စစ်တပ်ကို BGF တွေက အကြောင်းကြားရတယ်လို့ လည်း အဲဒီသူက ပြောပါတယ်။

လက်ခတ်တောင် ဘုရားကုန်းမှာ နှစ်ဖက် ရက်ရှည်တိုက်ပွဲဖြစ်နေတာနဲ့ပတ်သက်လို့ စစ်ကောင်စီပြန်ကြားရေးဌာနဘက်က သတင်းတစ်စုံတရာ မထုတ်ပြန်ပါဘူး။ တိုက်ပွဲနဲ့ပတ်သက်လို့ ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်ကို တယ်လီဖုန်းဆက်သွယ်မေးမြန်းရာမှာလည်း ဖုန်းလက်ခံ မဖြေဆိုပါဘူး။

တိုက်ပွဲကြောင့် မေတ္တာလင်းမြိုင်၊ အေးသုခ၊ ရွှေမြစန္ဒီရွာတွေက ဒေသခံ ၃ဝဝ ကျော်ဟာ မြဝတီမြို့က တောရ ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ မြို့ပေါ်ရပ်ကွက်တွေမှာ စစ်ဘေးရှောင်နေကြရပြီး မြို့ခံပရဟိတအဖွဲ့တွေက စားသောက်စရာနေရာထိုင်ခင်းတွေ ကူညီပေးနေပါတယ်။

အလားတူ ကော့ကရိတ်မြို့ ၊ ကြာအင်းဆိပ်ကြီးမြို့၊ ကျုံဒိုးမြို့ ဘက်တွေမှာလည်း KNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဆက်ဖြစ်နေပြီး လေတပ်၊ ကြည်းတပ်တွေက လက်နက်ကြီးနဲ့ပစ်ခတ်ပြီး၊ ရဟတ်ယာဥ်တွေနဲ့ ကင်းထောက်ပျံသန်းနေတယ်လို့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ PDF တောင်ပိုင်းတိုင်း အမှတ် ၃ စစ်ဒေသ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"ကြာအင်းဆိပ်ကြီးဘက် လက်နက်ကြီးက ဆက်ပစ်နေတယ်။ ပလိန်ရွာနဲ့ ခလယ်တံခွန်တိုင်ဘက်တွေမှာ စစ်တပ်၊ ရဲစခန်းတွေကနေ လက်နက်ကြီး ပစ်ထုတ်တယ်။ ရဟတ်ယာဥ်က ၁၂ ရက်က လာပစ်တယ်။ နောက်ရက်တွေကတော့ ကင်းထောက်ပျံတာ ရှိနေတယ်။ ဗုံးကြဲတိုက်ခိုက်တာတော့ မရှိသေးဘူး။ မြေပြင်မှာတော့ နှစ်ဖက်ပစ်နေတယ်"လို့ အမှတ် ၃ စစ်ဒေသ ရုံးတာဝန်ရှိသူက ပြောကာတယ်၊

ကော့ကရိတ်ဘက်မှာလည်း ဇူလိုင်လ ၁၃ ရက်က အမှတ် ၃ စစ်တပ် စစ်ဆေးရေးဂိတ်နဲ့ တံတားဦးရပ်ကွက် လုံခြုံရေးဂိတ်ကို KNLA ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ရာမှာ စစ်တပ်ဘက်က တပ်သားလေးဦး သေဆုံးပြီး KNLA ပူးပေါင်းတပ်ဘက်က ရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာရတယ်လို့ KNLA နယ်မြေခံ ဆေးတပ်တာဝန်ရှိသူက ပြောပါတယ်။

KNU တပ်မဟာ၆ ဒေသအတွင်း တိုက်ပွဲတွေ ဆက်ဖြစ်နေလို့ ဒေသခံ ၂၂၅၂၃ ဦး ခန့် စစ်ဘေးရှောင် နေရတာအပြင် ၂ဝ၂၃ ခုနှစ် မတ်လ တစ်လတာအတွင်း အရပ်သား ၁၇ နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ခလေးငယ်တစ်ဦးအပါအဝင် သုံးဦး သေဆုံးခဲ့တယ်လို့ KNU ထုတ်ပြန်ချက်အရသိရပါတယ်။