မြဝတီမြို့ကိုပေးထားတဲ့ ထိုင်း ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်

RFA Burmese
2024.06.17
မြဝတီမြို့ကိုပေးထားတဲ့ ထိုင်း ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက် ၂ဝ၂၄ ခုနှစ် ဇွန်လ ၁၇ ရက်နေ့က တွေ့မြင်ရသည့် ထိုင်းနိုင်ငံဘက်မှ ဖုန်းတာဝါတိုင်တချို့။
Photo: RFA

ကရင်ပြည်နယ် မြဝတီမြို့ဘက်ကို ထိုင်းနိုင်ငံက ပေးထားတဲ့ မိုဘိုင်းဖုန်းလိုင်းတွေ ဖြတ်လိုက်တာကြောင့် မြဝတီဒေသခံတွေ အခက်အခဲဖြစ်နေကြပါတယ်။

ထိုင်းနိုင်ငံဘက်မှာရှိတဲ့ တာဝါတိုင်တွေကနေ ပေးနေတဲ့ ဖုန်းလိုင်းကို ဇွန်လ ၁၃ ရက်နေ့ကစပြီး ဖြစ်လိုက်တာကြောင့် မြဝတီမြို့ခံတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ မြဝတီချစ်ကြည်ရေးတံတား အမှတ် ၁ အနီးက ထိုင်းဖုန်းလိုင်းမိတဲ့နေရာကို သွားရောက်သုံးနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြဝတီမြို့ခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက RFA ကို ပြောပါတယ်။

"ထိုင်းလိုင်းတွေ ကျားဖျန့်ကိစ္စတို့ VPN ကိစ္စတို့ ကြောင့် ပိတ်ခံရတယ်ထင်တာပဲ။ မြန်မာဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းကတော့ ဧပြီလထဲက မရတာ။ မြဝတီက ထိုင်းကဒ်ကို သုံးချင်တယ်ဆိုရင်ကမ်းနားပေါ့ (River View) တို့ ဘာတို့လာမှသုံးလို့ရတယ်။ ထိုင်းဆင်းမ်ကတ် (Simcard)တွေကလည်း တည်နေရာ (Location) နဲ့ ပိတ်ထားတယ် ထင်တယ်။ အခုဒါ ကမ်းနားမှာလာသုံးရင်းနဲ့ စာဝင်လို့ (message) ပြောလို့ရတာ၊ အိမ်ပြန်ရောက်သွားရင် လိုင်းမရှိဘူး"

မြဝတီမြို့မှာ ပြီးခဲ့တဲ့ ဧပြီလကတည်းက မြန်မာဖုန်းလိုင်း၊ အင်တာနက်၊ ဝိုင်ဖိုင်လိုင်းတွေ ပြတ်တောက်နေရာက အခုထပ်ပြီး၊ ထိုင်းဖုန်းလိုင်းတွေပါ ဖြတ်တောက်လိုက်လို့ မြို့တွင်းမြို့ပြင်နေရာတွေ လိုင်းမမိတော့တာမျိုး ကြုံတွေ့နေရတာပါ။

အခုလို ဖုန်း၊ အင်တာနက်လိုင်းတွေ ပြတ်နေလို့ မြဝတီမြို့ကလူတွေ မဲဆောက်ဘက်အခြမ်းက ထိုင်းဖုန်း တာဝါတိုင်တွေနဲ့နီးတဲ့ သောင်ရင်းမြစ်ဘေးနား လမ်းသွယ်တွေထဲက လိုင်းမိတဲ့ နေရာတွေမှာ၊ ကားတွေ၊ ဆိုင်ကယ်တွေရပ်ပြီး သုံးတဲ့သူရှိသလို၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်တွေမှာ လာထိုင်ပြီး၊ အရောင်းအဝယ်ကိစ္စ၊ လူမှုဆက်သွယ်ရေးကိစ္စတွေ လာပြီးလုပ်နေကြရတယ်လို့ မြဝတီမြို့ခံတွေက ပြောပါတယ်။

"အဆင်မပြေလို့ ယိုးဒယား ဆင်းမ်ကတ်နဲ့ လာသုံးနေတာပါ။ ဒီနားမှာ ကုန်သည်ကြီးများရုံး အရှေ့ဘက်မှာကားရပ်ပြီးသုံးရတာ။ အဲဒီဘေးနားမှာ လာသုံးနေတဲ့ကားတွေအများကြီးပဲ အင်တာနက်လာသုံးနေကြတဲ့သူတွေ ထိုင်းဆင်းမ်ကတ်လေးတွေနဲ့ အင်တာနက်လာသုံးနေကြတာ။ ထိုင်းဆင်းမ်ကတ်က မြို့ထဲမရဘူး တည်နေရာ (Location) နဲ့ ပိတ်ထားလို့"

အခုလို ထိုင်း-မြန်မာ ဖုန်းလိုင်း၊ အင်တာနက်၊ ဝိုင်ဖိုင်လိုင်းတွေ ပြတ်တောက်နေတာနဲ့ ပတ်သက်ပြီး မြဝတီမြို့ ကရင်နယ်ခြားစောင့်တပ် (BGF) လုံခြုံရေးတာဝန်ရှိသူ ဗိုလ်မှူးနိုင်မောင်ဇော်နဲ့ ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းကျော်သူတို့ကို တယ်လီဖုန်း က်သွယ်ပေမယ့် ဖုန်းလက်ခံ မဖြေဆိုပါဘူး။

အခု လတ်တလောမှာ ထိုင်း-မြန်မာနယ်စပ်ချင်းထိစပ်နေတဲ့ မြဝတီမြို့နယ်အတွင်းက မြို့ပေါ် ရပ်ကွက်နေရာတွေ အပါအဝင် ရွှေကုက္ကိုလ်၊ ကျောက်ခက်၊ မယ်ထော်သလေး ကျေးရွာတွေဘက်အထိ ထိုင်း လျှပ်စစ်မီးနဲ့ ထိုင်းဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ မရတာမျိုး ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။