ငွေလိမ်လုပ်ငန်းတွေက တရုတ်နိုင်ငံသား ၃၇၅ ဦးကို တရုတ်ထံ BGF ပြန်လွှဲ

RFA Burmese
2025.03.14
ငွေလိမ်လုပ်ငန်းတွေက တရုတ်နိုင်ငံသား ၃၇၅ ဦးကို တရုတ်ထံ BGF ပြန်လွှဲ ကရင်ပြည်နယ် မြဝတီမြို့နယ် အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ တရုတ်နိုင်ငံသား ၃၇၅ ဦးအား ကရင်နယ်ခြားစောင့်တပ် (BGF) က ၂၀၂၅ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် လွှဲပြောင်းပေးနေစဉ်။
Citizen Photo

ကရင်ပြည်နယ် မြဝတီမြို့နယ် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကနေ ကရင်နယ်ခြားစောင့်တပ် (BGF) ရှာဖွေဖမ်းဆီးထားတဲ့ တရုတ်နိုင်ငံသားတွေထဲက နောက်ထပ် ၃၇၅ ဦးကို BGF က မတ်လ ၁၄ ရက် ဒီနေ့မှာ ထိုင်းအာဏာပိုင်တွေကတစ်ဆင့် တရုတ်နိုင်ငံဘက်ကို ပြန်လွှဲပြောင်းပေးလိုက်ပါတယ်။

လက်ရှိ မြဝတီမြို့က BGF ကွပ်ကဲရေးစခန်းမှာ စစ်ကောင်စီက ဆက်လက်စစ်ဆေးနေတဲ့ တရုတ်နိုင်ငံသား နှစ်‌ထောင်နီးပါး ကျန်သေးတယ်လို့ BGF ကွပ်ကဲရေးရုံး သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

"ဒီနေ့ တရုတ် ၃၇၅ ယောက်ထပ်ပို့တယ်၊ မနေ့က ၄၅၀ နဲ့ဆို နှစ်ရက်ပေါင်း ၈၂၅ ယောက် ပေါ့၊ စကစရဲ့ လဝကတို့ စရဖတို့ ၊ ထွေအုပ် တို့စစ်ချက်ယူပြီးတဲ့သူတွေပေါ့၊ ကျွန်တော်တို့ BGF ကတော့ အခုအဲဒီလူတွေထိုင်းဘက်ပို့တာပေါ့၊ မဲဆောက်မှာတရုတ် လေယာဉ် ကြိုမယ်လေနော်၊ ရုံးဝင်းထဲမှာတော့ စကစ စစ်ဖို့ တရုတ်နှစ်ထောင်နီးနီး ကျန်သေးတယ်"

BGF ကွပ်ကဲရေးရုံး သတင်းရင်းမြစ်ပြောပြချက်အရ တရုတ်နိုင်ငံသား ၁၉၈၀ ဦး ပြန်လွှဲပို့ဖို့ ကျန်နေပါသေးတယ်။ BGF ထိန်းသိမ်းထားတဲ့ နိုင်ငံခြားသားတွေကို စစ်ကောင်စီဌာနဆိုင်ရာတွေက စစ်ဆေးအတည်ပြုပြီး ထိုင်းအာဏာပိုင်တွေကတစ်ဆင့် သက်ဆိုင်ရာနိုင်ငံတွေဆီကို လွှဲပြောင်းပေးနေတာဖြစ်ပါတယ်။

မြဝတီမြို့နယ်ထဲက ငွေလိမ်လုပ်ငန်းတွေကနေ တစ်လအတွင်း BGF ရှာဖွေဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံပေါင်း ၃ဝ ကျော်က နိုင်ငံခြားသား ခုနှစ်ထောင်ကျော်ထဲမှာ တရုတ်နိုင်ငံသား ၄၈၈၅ ပါဝင်ပါတယ်။ BGF စာရင်းအရ ဒီနေ့ မတ်လ ၁၄ ရက်နေ့အထိ စုစုပေါင်း တရုတ်နိုင်ငံသား ၂၉၀၅ ဦးကို ပြန်လွှဲပြောင်းပေးပြီးဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။