မြန်မာ့တပ်မတော်က ထုတ်ဝေခဲ့တဲ့ “မြန်မာ့နိုင်ငံရေးနှင့် တပ်မတော် အပိုင်း-၁” စာအုပ်မှာ ဓာတ်ပုံ ၂ ပုံကို မှားယွင်းဖော်ပြမိခဲ့တဲ့အတွက် မြဝတီစာပေတိုက်က ဒီနေ့ ကြေညာချက် ထုတ်ပြန် တောင်းပန်လိုက်ပါတယ်။
၂၀၁၈ ခုနှစ် ဇူလိုင်လက ထုတ်ဝေခဲ့တဲ့ မြန်မာ့နိုင်ငံရေးနှင့် တပ်မတော် စာအုပ် အပိုင်း-၁ မှာ ရိုဟင်ဂျာ သမိုင်းကြောင်းနဲ့ ပတ်သက်ပြီး ဖော်ပြခဲ့တဲ့ ဓာတ်ပုံ ၂ ပုံဟာ ရဝမ်ဒါနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ ဖြစ်ပွားခဲ့တဲ့ ဓာတ်ပုံတွေဖြစ်တယ်လို့ သြဂုတ်လ ၃၁ ရက်နေ့က ရိုက်တာ သတင်းဌာနမှာ ဖော်ထုတ်ခဲ့ပြီးနောက်မှာ လေးရက်မြောက်နေ့မှာ အခုလိုတောင်းပန်လိုက်တာ ဖြစ်ပါတယ်။
၁၉၄ဝ ပြည့်လွန်ကာလက ရခိုင်ပြည်နယ်မှာ “ဘင်္ဂါလီများ ဒေသခံ တိုင်းရင်းသားများအား ရက်စက်စွာ သတ်ဖြတ်ခဲ့ပုံ” ဆိုပြီး စာမျက်နှာ ၁၄ မှာ ဖော်ပြထားရာမှာ အဲ့ဒီဓာတ်ပုံဟာ ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေး စစ်ပွဲကာလအတွင်း ပါကစ္စတန်တပ်ဖွဲ့တွေက ဘင်္ဂါလီတွေကို သတ်ဖြတ်နေတဲ့ပုံ ဖြစ်တယ်လို့ ရိုက်တာ သတင်းဌာနက ဓာတ်ပုံအထောက်အထားတွေနဲ့ ဖော်ပြခဲ့ပါတယ်။
အလားတူ နောက်ထပ်တစ်ပုံမှာလည်း ၂ဝ၁၅ မေလ ၂၉ ရက်နေ့က ဧရာဝတီတိုင်း ဖျာပုံမြို့နယ်အနီး မြန်မာ့ ရေပိုင်နက်ထဲမှာ မြန်မာရေတပ်က ဖမ်းဆီးမိခဲ့တဲ့ လှေစီးဒုက္ခသည်တွေရဲ့ပုံကို ပြုပြင်ပြီး ဖော်ပြထားတာ တွေ့ရတယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြထားပါတယ်။
