ရခိုင်ပြည်နယ် မြေပုံမြို့နယ်က ဒေသခံ ၅၀ ကျော်ဟာ တရုတ်နိုင်ငံမှာ လူကုန်ကူးရောင်းစားခံရတယ်ဆိုပြီး မိသားစုဝင်တွေက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ဒီကနေ့ တိုင်ကြားလိုက်ပါတယ်။
လူကုန်ကူးခံရသူတွေကို ကယ်တင်နိုင်ဖို့ ရခိုင်ပြည်နယ် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့ကို သွားရောက် တိုင်ကြားလိုက်တာလို့ မြေပုံမြို့နယ် ရေခေါင်းချိန်ရွာက မိသားစုဝင်တစ်ဦးဖြစ်သူ ဦးမောင်တင်ရွှေက ပြော ပါတယ်။
"တရုတ်ပြည်ကို အလုပ်လုပ်ဖို့ခေါ်သွားတာ၊ တစ်လကို သူတို့က ခြောက်သိန်းရမယ်လို့ပြောတယ်၊ မူဆယ် ကနေ ပြည်ကြီးကိုပို့တာ၊ ဘယ်နေရာရောက်သွားမှန်း လည်း မသိဘူး၊ သတင်းလည်း အဆက်အသွယ် မရတော့ဘူး"
မြေပုံမြို့နယ်အတွင်းက လူကုန်ကူးခံရသူ ၅၀ ကျော် ဟာ ရေခေါင်းချိန်၊ သဝင်စိတ်ကေ၊ ကျွဲနဇူးနဲ့ ပေါက်တူးတောင်ရွာတွေကဖြစ်ပြီး တရုတ်ပြည်ကိုအရောက် ငွေကျပ် ၃ သိန်းစီပေးဆောင်ခဲ့ရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
ရေခေါင်းချိန်ရွာက ဒေသခံ ၁၄ ဦးကို ရွာခံပွဲစား ဦးလှထွန်းတင်ဆိုသူက တရုတ်နိုင်ငံမှာ တစ်လကို ငွေကျပ် ၆ သိန်းနဲ့ အလုပ်ရမယ်ဆိုပြီး၊ ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့က မူဆယ်ကနေတစ်ဆင့် တရုတ်နိုင်ငံကို ခေါ်ဆောင် သွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
မိသားစုဝင်တွေအနေနဲ့ ဒီနေ့အချိန်အထိ အဆက်အသွယ်မရရှိသလို ခေါ်ဆောင်သွားတဲ့ လူပွဲစားတွေက တိမ်းရှောင်နေကြတာကြောင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့ကို တိုင်ကြားဖို့ ဆုံးဖြတ်ခဲ့တာ လို့လည်း ရေခေါင်းချိန်ရွာက မိသားစုဝင်တစ်ဦးဖြစ်သူ ဦးမောင်တင်ရွှေက ပြောပါတယ်။