မြင်းမူ စစ်ဘေးဒုက္ခသည် နှစ်ထောင်ခန့် သောက်သုံးရေနဲ့ စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေ

RFA Burmese
2025.01.11
မြင်းမူ စစ်ဘေးဒုက္ခသည် နှစ်ထောင်ခန့် သောက်သုံးရေနဲ့ စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် လက်ထုတ္တောရွာ မီးရှို့ခံထားရသည်အား ၂၀၂၃ ခုနှစ် မေလ ၆ ရက်နေ့က တွေ့ရစဉ်။
မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် လက်ထုတ္တောရွာကနေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် နှစ်ထောင်ခန့်ဟာ သောက်သုံးရေနဲ့ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေက RFA ကို ပြောပါတယ်။

သောက်သုံးရေအတွက် ရေကန်ကိုပဲ အားထားအသုံးပြုနေရပေမဲ့ ရာသီဥတုဒဏ်ကြောင့် ရေခန်းခြောက်လာတဲ့အတွက် အခက်အခဲတွေ့နေတာလို့ ဆိုပါတယ်။

ဒါ့အပြင် သောက်သုံးရေ မသန့်ရှင်းတာကြောင့် အသက်မပြည့်သေးတဲ့ ကလေးငယ်တွေနဲ့ အမျိုးသမီးတချို့မှာ အရေပြားရောဂါတွေ ခံစားနေရပြီး ကုသဖို့ ဆေးဝါးအလုံအလောက်လည်း မရှိဘူးလို့ လက်ထုတ္တောရွာက လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဒေသခံအမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။

"စားရေးသောက်ရေးဆိုလည်း ဆန်ကရှား၊ ဟင်းချက်စရာက မရှိနဲ့ ဆီလူးပြီးစားနေရတာ။ သောက်ရေသုံးရေ ကလည်း ကန်တစ်ကန်ပဲရှိတယ်။ ဒီကန်ကို စုပြုံသုံးနေရတာရယ်၊ ကန်က ရေခန်းတာရယ်ကြောင့် ဒီလကုန် လောက်ဆို ရေကမရှိတော့ဘူး။ ရေတွင်းလေးဘာလေး တူးလို့ရမဲ့ အခြေအနေမျိုး မျှော်လင့်မိတယ်။ အစစအရာရာ ကျွန်မတို့ခက်ခဲနေကြတာပါ"

နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ လက်ထုတ္တောရွာ ဒေသခံတွေဟာ တောင်ယာတွေနဲ့ စစ်ကြောင်းလွတ်ကင်းတဲ့ နေရာတွေမှာ ပုန်းခိုနေကြရပြီး လာရောက်လှူဒါန်းတဲ့အလှူရှင်တွေ နည်းပါးတာကြောင့် စားရေးသောက်ရေး အတွက် ရာသီပေါ်အသီးအရွက်တွေကို ချက်ပြုတ်စားသောက် နေရတယ်လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မေလက လက်ထုတ္တောရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းပြီးနောက် အရပ်သား သုံးဆယ်ကျော်ကို သတ်ဖြတ်ပြီးနောက် ဒေသခံတွေဟာ နေအိမ်တွေကနေ ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။


ဒါ့အပြင် လက်ထုတ္တောရွာဟာ နေအိမ် ခုနစ်ရာကျော် လူဦးရေ နှစ်ထောင်ကျော် နေထိုင်တဲ့ ရွာကြီးတစ်ရွာ ဖြစ်သလို စစ်ကောင်စီတပ်က နှစ်ကြိမ်ဝင်ရောက် မီးရှို့ခဲ့တာကြောင့် ရွာလုံးကျွတ်နီးပါး နေအိမ်တွေ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ မဖြေကြားပါဘူး။

လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးရသူ အရေအတွက် တိုးလာနေပြီး ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ဇန်နဝါရီ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ ပြည်တွင်း နေရပ်စွန့်ခွာရသူ သုံးသန်းခွဲကျော် ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။