မြစ်ကြီးနားက CDM မီးရထားဝန်ထမ်းတွေကို ဝန်ထမ်းအိမ်ရာကနေ ဖယ်ရှားခိုင်း

RFA Burmese
2023.06.05
မြစ်ကြီးနားက CDM မီးရထားဝန်ထမ်းတွေကို ဝန်ထမ်းအိမ်ရာကနေ ဖယ်ရှားခိုင်း မြစ်ကြီးနားမြို့က CDM မီးရထားဝန်ထမ်းတွေ ဝန်ထမ်းအိမ်ရာမှ ပြောင်းရွှေ့ပေးနေသည်ကို ၂၀၂၃ ခုနှစ်က တွေ့ရစဉ်။
Citizen Journalist

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်မှာရှိတဲ့ မီးရထားဝန်ထမ်းအိမ်ရာက CDM မှာပါဝင်တဲ့ ဝန်ထမ်းဟောင်းတွေကို ကျူးကျော်ဆိုပြီး စစ်ကောင်စီတပ်က ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထားဖယ်ရှားပေးဖို့ စာထုတ်ထားတယ်လို့ မီးရထား ဝန်ထမ်းဟောင်းတွေက ပြောပါတယ်။

အာဏာသိမ်းပြီးနောက် CDM မှာပါဝင်တဲ့ မီးရထားဝန်ထမ်းတွေကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက ဝန်ထမ်းအိမ်ရာကနေ ဖယ်ရှာပေးဖို့ စာထုတ်ထားတာလို့ ဆိုပါတယ်။

ဒါကြေင့် CDM ဝန်ထမ်းတချို့ ပြောင်းရွှေ့သွားကြပြီဖြစ်ပေမယ့် ပြောင်းရွှေ့ဖို့ အခက်ခဲဖြစ်နေတဲ့ ဝန်ထမ်းတွေ ကျန်နေသေးတယ်လို့ CDM မီးရထားဝန်ထမ်းတစ်ဦးက RFA ကိုပြောပါတယ်။

“ဖယ်ခိုင်းနေတာ တော်တော်စောစောကတည်းက အခုမှတော့ မဟုတ်ဘူး။ တချို့ကတော့ ဝန်ထမ်းတွေက ပြောင်းသွားပြီ အခုက ၃၀ ကျော်လောက်ကျန်ဦးမယ်။ ဘာကျူးကျော်မှ မဟုတ်ဘူး CDM တွေကို ဖယ်ခိုင်းတဲ့ သဘောပါပဲ”

CDM မှာပါဝင်တဲ့ မီးရထားဝန်းထမ်းတွေကို အိမ်ရာကနေပြောင်းရွှေ့ပေးဖို့ စစ်ကောင်စီတပ်က အကြိမ်ကြိမ် ဖိအားပေး ပြောင်းရွှေ့ခိုင်းနေတယ်လို့လည်း CDM မီးရထားဝန်းထမ်းတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကို RFA က တယ်လီဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ပြောင်းရွှေ့ဖို့ အကြိမ်ကြိမ်ဖိအားပေးတာကြောင့် မြစ်ကြီးနား မီးရထားဝန်ထမ်း အိမ်ရာကနေ CDM ဝန်ထမ်း ၈၀ ကျော်လောက် ပြောင်းရွှေ့သွားကြပြီလို့ CDM မီးရထားဝန်ထမ်းတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။