နမခ စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦး ဖမ်းဆီးခံရ

RFA Burmese
2025.01.10
နမခ စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦး ဖမ်းဆီးခံရ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦးအား ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့က ထုတ်ပြန်ထားစဉ်။
အမှတ် ၁ စစ်ဒေသ

စစ်ကိုင်းတိုင်း မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) က ထွက်လာတဲ့ စစ်ကောင်စီ စစ်ကား ဆယ်စီးကို ဒေသအခြေစိုက် ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်ခဲ့ရာမှာ လက်နက်ခဲယမ်းတွေနဲ့အတူ စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦးကို ဖမ်းမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အမှတ် (၁) စစ်ဒေသက ဇန်နဝါရီ ၁၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

အမှတ် (၁) စစ်ဒေသထုတ်ပြန်ချက်အရ နမခက ထွက်လာတဲ့ ထောက်ပို့ရေးတပ် ထပရ -၉၂၉ နဲ့ တပ်မ ၇၇ လက်အောက်ခံအင်အားတချို့ပါတဲ့ ကားသုံးစီးနဲ့ ချောဆွဲခံထားရတဲ့ ရိက္ခာတင်ကုန်ကား ခုနစ်စီး စုစုပေါင်း ဆယ်စီးကို ဇန်နဝါရီ ၉ ရက်နေ့မနက်က မုံရွာ-အရာတော်လမ်းမှာ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အဲဒီတိုက်ပွဲမှာ မုံရွာခရိုင် တပ်ရင်းတွေအပြင် ဒရုန်းတပ်ဖွဲ့၊ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့၊ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) အဖွဲ့တွေ ပူးပေါင်းပါဝင်ခဲ့တာဖြစ်ပါတယ်။

အဲဒီတိုက်ပွဲအတွင်း အမြောက်တပ် အမတ - ၅၀၈ က လက်နက်ကြီးပစ်ကူပေးခဲ့တဲ့အပြင် ကားလေးစီး တပ်ကူပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီဘက်က ၁၅ ဦး သေဆုံးပြီး ခုနစ်ဦးကို ဖမ်းဆီးရမိထားသလို လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကြားဖြတ်တိုက်ပွဲဟာ တစ်နာရီခွဲကြာမြင့်ခဲ့ပြီး ပူးပေါင်းအဖွဲ့တွေဘက်က တစ်ဦး အသက်ဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်ရာမှာ ပါဝင်ခဲ့တဲ့ မုံရွာခရိုင် တပ်ရင်းအမှတ် ၁၉ - ရောင်နီဦးတပ်ရင်းက တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၁၀ ရက်ညမှာ တိုက်ပွဲမရှိပေမဲ့လည်း စစ်ကောင်စီစစ်ကြောင်းတွေနဲ့ စစ်ရေးတင်းမာနေတယ်လို့ RFA ကို ပြောပါတယ်။

နမခက ထွက်လာတဲ့ စစ်ယာဉ်တန်း တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ၂ဝ၂၄ ခုနှစ်အတွင်း စစ်ကောင်စီဘက်က အရာရှိ ၃၁၅ ဦး သေဆုံးခဲ့ပြီး၊ ၁၂၇ ဦး ဒဏ်ရာရခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဇန်နဝါရီ ၄ ရက်နေ့မှာ ထုတ်ပြန်တဲ့ စစ်ရေးအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်နဲ့ ဗိုလ်မှူးကြီး အဆင့်ရှိသူ ၅၃ ဦးကတော့ သေဆုံးတာ၊ ဒဏ်ရာရတာနဲ့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံခဲ့ရတယ်လို့ NUG က ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။