ဇွန်လအတွင်း နိုင်ငံတစ်ဝန်းက နေအိမ် ၂၆၀၀ ကျော် မီးရှို့ဖျက်ဆီးခံရ

RFA Burmese
2023.07.03
ဇွန်လအတွင်း နိုင်ငံတစ်ဝန်းက နေအိမ် ၂၆၀၀ ကျော် မီးရှို့ဖျက်ဆီးခံရ မီးရှို့ခံခဲ့ရသည့် ခင်ဦးမြို့နယ် ကန်သစ်ရွာမှ နေအိမ်များကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့က တွေ့ရစဉ်။
ကိုလူချော

စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုး မီးရှို့မှုတွေကြောင့် ဇွန်လ တစ်လအတွင်း ဘာသာရေး အဆောက်အအုံတွေ အပါအဝင် နေအိမ်ပေါင်း ၂,၆၆၉ လုံး မီးရှို့ဖျက်ဆီးခံရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက ဇူလိုင်လ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း တစ်ခုတည်းမှာပဲ မီးရှို့ခံရမှု ၇၉ ကြိမ်၊ နေအိမ် ၂,၅၁၁ လုံး၊ စာသင်ကျောင်း တစ်ကျောင်းနဲ့ ဘာသာရေး အဆောက်အအုံ လေးလုံး မီးရှို့ဖျက်ဆီးခံရပြီး၊ အရပ်သား ကိုးဦးအထိ သေဆုံးခဲ့တာကြောင့် သေဆုံးထိခိုက်မှု အများဆုံးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

မ‌ကွေးတိုင်းအတွင်း မီးရှို့ခံရမှု သုံးကြိမ်မှာတော့ နေအိမ် ၇၇ လုံးနဲ့ စာသင်ကျောင်း တစ်ကျောင်း ဆုံးရှုံးခဲ့ပြီး မန္တလေးတိုင်းက မီးရှို့ခံရမှု နှစ်ကြိမ်မှာ နေအိမ် ဆယ်လုံး ပျက်စီးခဲ့ပြီး အရပ်သား ခြောက်ဦးသေဆုံးခဲ့တာပါ။

ကျန်တဲ့ မီးရှို့ဖျက်ဆီးမှုတွေကတော့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာ ဖြစ်ပွားခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နေအိမ်တွေ မီးထဲပါသွားတဲ့အတွက် အခုမိုးရာသီမှာ အမိုးအကာနဲ့ နေထိုင်နိုင်ဖို့အတွက် အခက်အခဲ ဖြစ်သွားတယ်လို့ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် နပဲပင်လှရွာက နေအိမ်ဆုံးရှုံးသွားတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"အခုကတော့ မိုးကရွာတောင် နေစရာ အကာအကွယ် မရှိတဲ့ဘဝကို ရောက်သွားတာပါပဲ။ တစ်အိမ်လုံးကို ဘာမှမကျန်အောင် အကုန်ပါသွားတာပါ။ စပါးကျီရော၊ မီးဖိုချောင်ရော၊ ဘုရားခန်းပါမကျန် အကုန်ပါသွားတယ်။ မီးရှို့ခံရတဲ့ လူတွေရဲ့ ဘဝကတော့ ပုံမှန်အခြေအနေ မဟုတ်တော့ဘူးပေါ့"

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒေသခံတွေရဲ့ နေအိမ်တွေကို သူတို့တပ်သားတွေ ဘယ်တော့မှ မီးမရှို့ဘူးလို့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ RFA က မေးမြန်းချိန်မှာ ဖြေဆိုထားပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့ဖြစ်တဲ့ Data For Myanmar ရဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၄ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ အဖွဲ့တွေ မီးရှို့ဖျက်ဆီးလို့ စစ်ကိုင်းတိုင်းက နေအိမ် ၅၃,၈၁၆ လုံး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။