စစ်ကောင်စီတိုက်ခိုက်မှုကြောင့် နောင်ချို ဒေသခံသုံးဦးသေဆုံး

RFA Burmese
2024.01.11
စစ်ကောင်စီတိုက်ခိုက်မှုကြောင့် နောင်ချို ဒေသခံသုံးဦးသေဆုံး နောင်ချိုမြို့နယ် သုံးဆယ်ရွာအဝင်ဆိုင်းဘုတ်ကို တွေ့ရစဉ်။
Ta'ang Women's Organization

စစ်ကောင်စီက ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် သုံးဆယ်ရွာကို ဇန်နဝါရီ ၁၁ ရက်နေ့က လက်နက်ကြီးပစ်ခတ်တာတိုက်ခိုက်တာနဲ့ လေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံသုံးဦး သေဆုံးခဲ့တယ်လို့ တအာင်း အမျိုးသမီးအဖွဲ့ (TWO) က ထုတ်ပြန်ပါတယ်။

သုံးဆယ်ရွာက အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် မိသားစုဝင်သုံးဦး စစ်ကောင်စီရဲ့ လက်နက်ကြီးထိမှန်ပြီး သေဆုံးခဲ့တာလို့လည်း ဆိုပါတယ်။

သုံးဆယ်ရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ လေကြောင်းကနေ ပစ်ခတ်တာကြောင့် နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ပြီး အသေးစိတ်မသိရသေးဘူးလို့ TWO ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ဇန်နဝါရီ ၇ ရက်နေ့ကလည်း နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာကို စစ်ကောင်စီက တိုက်ပွဲဖြစ်တာမရှိဘဲ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးတွေအပါအဝင် ရှစ်ဦးသေဆုံးခဲ့ပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ "၁၀၂၇ စစ်ဆင်ရေး" နှစ်လအတွင်း ဒီဇင်ဘာလ ၂၇ ရက်နေ့အထိ ရှမ်းပြည်နယ်က မြို့နယ် ၁၆ မြို့နယ်မှာ အရပ်သား (၁၂၃) ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ (၂၃၉) ဦး ရှိခဲ့တယ်လို့ တအာင်း အမျိုးသမီးအဖွဲ့ (TWO) က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။