နောင်ချိုမြို့နယ် ဂန့်ကော်ရွာကို စစ်ကောင်စီတပ် ထိန်းချုပ်

RFA Burmese
2024.10.28
နောင်ချိုမြို့နယ် ဂန့်ကော်ရွာကို စစ်ကောင်စီတပ် ထိန်းချုပ် နောင်ချို-ကျောက်မဲ လမ်းပိုင်းကိုထိန်းချုပ်ထားသည့် TNLA တပ်ဖွဲ့များကို ၂၀၂၄ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ဂန့်ကော်ရွာမှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားပြီးနောက် အောက်တိုဘာလ ၂၇ ရက် ညနေပိုင်းမှာတော့ အဲဒီရွာကို စစ်ကောင်စီတပ်က ထိန်းချုပ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီးသုံးပြီး အဆက်မပြတ် ထိုးစစ်ဆင်တာကြောင့် ခံစစ်ပြင်ထားတဲ့ TNLA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေ ဆုတ်ခွာပေးလိုက်ရတာလို့ စစ်ရေးအခြေအနေသိရှိတဲ့ နောင်ချိုဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

“စစ်တပ်က ဂန့်ကော်ရွာကို ရသွားပြီးလို့ ပြောလို့ရတယ်။ တော်လှန်ရေးအဖွဲ့တွေက ဆုတ်ပေးလိုက်တာ။ အခု ဂန့်ကော်ရွာကနေ စစ်တပ်က ထိုင်ပြီးတော့ ဟိုခိုတို့၊ သုံးဆယ်ရွာတို့ဘက်ကို လက်နက်ကြီး ထုနေတယ်။ တော်လှန်ရေးအဖွဲ့တွေ အဲဒီနားမှာပဲ ရှိနေတုန်းပဲ။ ပစ်ခတ်နေတုန်းပဲ”

အောက်တိုဘာလ ၂၀ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က ပြင်ဦးလွင်ကနေ မိုင်နှစ်ဆယ်နီးပါးဝေးတဲ့ ဘန့်ဘွေး၊ ဂန့်ကော်ရွာတွေဘက်ကို အင်အား နှစ်ရာကျော်နဲ့ ထိုးစစ်ဆင်တာကြောင့် တိုက်ပွဲတွေ နေ့စဉ်ဖြစ်နေတာ တစ်ပတ်ကျော်ရှိလာပြီလို့ သူက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း နောင်ချိုမြို့ကို TNLA၊ မန္တလေး PDF နဲ့ ဓနု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA) ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားတာပါ။ လက်ရှိမှာ နောင်ချိုမြို့ကို ပြန်ရရေးအတွက် စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာလ ၂၇ ရက်နေ့ မနေ့ ညပိုင်းမှာတော့ နောင်ချိုမြို့နယ် သပြေရေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ တာကြောင့် အမျိုးသား တစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့တယ်လို့ နောင်ချိုဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်နဲ့ TNLA ပြောခွင့်ရသူ လွေးယေဦးတို့ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။

ကိုးကန့်တပ်မတော် (MNDAA) သိမ်းပိုက်ထားတဲ့ သိန္နီမြို့ကိုလည်း အောက်တိုဘာလ ၂၈ ရက်နေ့ ဒီမနက် အစောပိုင်းမှာ လေကြာင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အထွေထွေအုပ်ချုပ်ရေးအုပ်ရုံး၊ ဟိုတယ်နဲ့ ခရစ်ယာန်ဘုရားကျောင်း အဆောက်အအုံတွေ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။