နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲဆက်ဖြစ်

RFA Burmese
2024.11.08
နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲဆက်ဖြစ် ရှေ့တန်းစစ်မြေပြင်တစ်နေရာမှ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် TNLA က ထုတ်ပြန်ထားစဉ်။
Telegram/PSLF/TNLA News

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နဲ့ မိုင် နှစ်ဆယ်ကျော်ဝေးတဲ့ ရပ်စောက်-နောင်ချိုလမ်းပေါ်က တောင်ခမ်းရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ နိုဝင်ဘာလ ၈ ရက် ဒီနေ့ မနက်အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီး ပစ်ခတ်သံတွေကို ဆက်တိုက်ကြားနေရသလို စစ်ကောင်စီတပ် လေကြောင်းကနေပါ ပစ်ကူပေးနေတယ်လို့ နောင်ချို ဒေသခံတစ်ဦးက ပြောပါတယ်။

“စစ်တပ်ကလည်း အင်အားဖြည့်ထားပြီး ပြန်တက်လာပုံရတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း အင်အားတွေဖြည့်ထားတာ မနည်းဘူးဗျ။ ဒီမနက်အထိ ပစ်ခတ်သံတွေ ကြားရတယ်။ စစ်တပ်က လေယာဉ်နဲ့ လာပစ်သေးတယ်။ တိုက်ပွဲက တော်တော် ပြင်းထန်မဲ့ ပုံရတယ်ဗျ။ ကျွန်တော်တို့နဲ့တော့ နည်းနည်း ဝေးတယ်။ အဲဒီနေရာတွေက”

၁၀၂၇ စစ်ဆင်ရေးကာလ ၂၀၂၄ ဇူလိုင်လမှာ နောင်ချိုမြို့ကို TNLA၊ MDY-PDF နုဲ့ ဓနု-PDF ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း နောင်ချိုနဲ့ မိုင်နှစ်ဆယ် အကွာမှာရှိတဲ့ တောင်ခမ်းရွာက စစ်ကောင်စီရဲ့ အ.မ.တ (၉၀၂) အမြောက်တပ်စခန်းကို ဆက်လက်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်နေတာ လေးလနီးပါး ရှိနေပြီ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ကလည်း တောင်ခမ်းရွာက အ.မ.တ (၉၀၂) တပ်စခန်းမကျရေးအတွက် အပြင်းအထန် ခုခံနေသလို နောင်ချိုကို ပြန်ပြီးထိုးစစ်ဆင်နိုင်အောင် ရှမ်းပြည်တောင်ပိုင်းကနေ စစ်အင်အားတွေ ထပ်ဖြည့်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူကို ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိပါဘူး။

TNLA ပြောခွင့်ရသူ လွေးယေဦးကတော့ နောင်ချိုမြို့နယ် တောင်ခမ်းရွာဘက်မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ နိုဝင်ဘာလ ၇ ရက်နေ့ ညနေပိုင်းမှာ RFA ကို ပြောထားပါတယ်။

စစ်ကောင်စီတပ်က နောင်ချိုမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ ပြင်ဦးလွင်မြို့ဘက်ကနေလည်း ထိုးစစ်ဆင်မှုတွေ ရှိနေတာကြောင့် နောင်ချို-ပြင်ဦးလွင် လမ်းပိုင်းပေါ်က ဂန့်ကော်ရွာနဲ့ အုမ္မသီးရွာတွေ အနီးမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။