ကြောက်မက်ဖွယ်ကောင်းတဲ့ အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်တပ် ပြစ်ဒဏ်ကနေ ကင်းလွတ်နေတာကို အရေးတကြီး အဆုံးသတ်ဖို့ လိုအပ်နေပြီလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ နက်ပရိုက် က ဒီဇင်ဘာ ၁၀ ရက် ဒီကနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ သတိပေးလိုက်ပါတယ်။
ရန်ကုန်ရှိ အမေရိကန်သံရုံး အင်တာနက်စာမျက်နှာမှာ ဒီကနေ့ ဗီဒီယိုရုပ်သံဖိုင်နဲ့ တင်ထားတဲ့ ပြောကြားချက်မှာ အခုလို သတိပေးလိုက်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းဒေသမှာ ကလေးတွေ အပါအဝင် ရွာသူ၊ ရွာသားတွေကို မြန်မာစစ်တပ်က အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ခိုင်လုံပြီး စက်ဆုပ်ဖွယ်ကောင်းတဲ့သတင်းကြောင့် အမေရိကန်အစိုးရအနေနဲ့ လက်ခံနိုင်ဖွယ်မရှိအောင် ခံစားရတယ်လို့ သူက ဆိုပါတယ်။
ပြည်သူလူထုအပေါ် ဖိနှိပ်ညှဉ်းပန်းရာမှာ ဒီလိုဆိုးဝါးပြီး လက်ခံနိုင်စရာမရှိတဲ့ နည်းလမ်းတွေကို မြန်မာစစ်တပ်က အသုံးပြုနေတယ်ဆိုတဲ့ သတင်းတွေကို ကြားရတာဟာ ဒါပထမဆုံးအကြိမ် မဟုတ်ဘူးလို့လည်း နက်ပရိုက်က ပြောပါတယ်။
ကြောက်မက်ဖွယ်ရာ ရက်စက်တဲ့ အကြမ်းဖက်မှုတွေအတွက် စစ်တပ်တာဝန်ရှိသူတွေကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာအောင် ပြစ်ဒဏ်ကနေ ကင်းလွတ်နေတဲ့ အစဥ်အလာကို အမြန်ဆုံး အဆုံးသတ်ပြီး၊ အားလုံးပါဝင်တဲ့ ဒီမိုကရေစီလမ်းကြောင်းကို ပြန်လည်ဖော်ဆောင်ဖို့ အခုလို ထုတ်ဖော်ပြောဆိုနေရတာလို့လည်း သူက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့၊ မတရား ဖမ်းထားသူအားလုံးကို ပြန်လွှတ်ပေးဖို့၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ ပြည်သူတွေရဲ့ ဆန္ဒကိုလေးစားဖို့ စစ်ကောင်စီကို တောင်းဆိုကြောင်းလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ပရိုက်က ပြောကြားသွားပါတယ်။