ဘာသာရေးခေါင်းဆောင် သုံးယောက်ကို လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်အဖြစ် စစ်ကောင်စီခန့်အပ်

RFA Burmese
2024.09.07
ဘာသာရေးခေါင်းဆောင် သုံးယောက်ကို လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်အဖြစ် စစ်ကောင်စီခန့်အပ် ရန်ကုန်မြို့ ပြည်လမ်းမပေါ်က မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးကို တွေ့ရစဉ်။
ဓါတ်ပုံ - မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ခရစ်ယာန်၊ အစ္စလာမ်နဲ့ ဟိန္ဒူ ဘာသာရေးခေါင်းဆောင် သုံးယောက်ကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်တွေအဖြစ် စစ်ကောင်စီက စက်တင်ဘာ ၇ ရက်မှာ ခန့်အပ်လိုက်ပါတယ်။

စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာ့အသံရဲ့ စက်တင်ဘာ ၇ ရက် ည ၈ နာရီ သတင်းမှာ ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။

စိန်မေရီ ကတ်သလစ်ဘုရားကျောင်း ဂေါပကအဖွဲ့ဝင် ချင်းတိုင်းရင်းသား ဦးဝင်းလှိုင်ဦး(ခ)ကုန်ဇမှုန်း၊ ပိန္နဲကုန်းဂျမေဗလီ ဂေါပကအဖွဲ့ဝင် ဦးသန်းဝင်း နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်းရဲ့ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးတင်ကိုကိုတို့ကို ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။

ဦးဝင်းလှိုင်ဦး (ခ) ကုန်ဇမှုန်းဟာ ချင်းပြည်နယ်မှာ ဖွံဖြိုးရေးလုပ်ငန်းတွေလုပ်ဆောင်နေတဲ့ CAD (Community Agency for Rural Development) အဖွဲ့ရဲ့ ဦးဆောင်သူတစ်ယာက်လည်း ဖြစ်တယ်လို့ ချင်းသတင်းတွေက ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ (NLD) လက်ထက် ၂၀၂၀ ဇန်နဝါရီ ၁၄ ရက်မှာ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်အသစ်ကို ၁၁ ယောက်နဲ့ ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။

အဲဒီနောက် စစ်အာဏာသိမ်းပြီး ၂၀၂၃ သြဂုတ် ၂ ရက်မှာ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့်ကို စစ်ကောင်စီက ရာထူးကနေဖယ်ရှားခဲ့ပြီး ဦးပေါ်လွင်စိန်ကို ဥက္ကဋ္ဌအဖြစ် ခန့်အပ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။