ငါန်းမြာကြီးရွာကို စစ်ကောင်စီတပ် ပြန်ထိန်းချုပ်
2024.10.23
ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ နှစ်လခန့် သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာကို စစ်ကောင်စီတပ်က ပြန်ထိန်းချုပ်လိုက်ပြီလို့ ဒေသခံတွေက အောက်တိုဘာလ ၂၃ ရက် ဒီနေ့မှာ ပြောပါတယ်။
အင်အား ၁၅၀ ကျော်ပါတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းက အောက်တိုဘာလ ၂၁ ရက်နေ့မှာ ငါန်းမြာကြီးရွာကို စစ်ကြောင်းနှစ်ခုနဲ့ စီးနင်းထိန်းချုပ်ခဲ့ပြီးနောက် အရပ်သား တစ်ရာနီးပါးလည်း ဖမ်းဆီးခံထားရတယ်လို့ ဆိုပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ငါန်းမြာကြီးရွာ ဒေသခံ တစ်ဦးကတော့ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ရွာထဲစီးနင်းတာကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေ နောက်ဆုတ်ပေးခဲ့ရတယ်လို့ RFA ကိုပြောပါတယ်။
“အရင်လာနေကြလမ်းကြောင်းအတိုင်း စီးနင်းတာမဟုတ်ဘဲ။ တခြားလမ်းကြောင်းကနေ ဖောက်ဝင်လာတာ။ လေကြောင်းရော၊ မြေပြင်ရော စစ်ကြောင်းထိုးတာ။ အင်အားတွေထပ်ဖြည့်လိုက် စစ်ကြောင်းထိုးလိုက်လုပ်နေတော့ ဒီဘက် (ကာကွယ်ရေးတပ်) ဘက်က နောက်ဆုတ်လိုက်တာ”
ဖမ်းဆီးခံရသူတွေအထဲ အသက်အရွယ်ကြီးသူတွေ၊ ကျန်းမာရေးမကောင်းသူတွေပါဝင်ပြီး သူတို့ရဲ့ အခြေအနေကို အသေးစိတ်မသိရသေးဘူးလို့ ဆိုပါတယ်။
အခုတော့ စစ်ကောင်စီတပ်တွေက ငါန်းမြာကြီးရွာ စာကြည့်တိုက်နဲ့ တိုက်နယ်ဆေးရုံမှာ တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ငါန်းမြာကြီးရွာကို တပ်စွဲပြီးနောက် အနီးနားရွာတွေဖြစ်တဲ့ မိုးတောင်ရွာ အပါအဝင် ရွာငါးရွာက ဒေသခံ တစ်ထောင်ခန့် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
ဒါနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
ငါန်းမြာကြီးရွာ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက ဩဂုတ်လ ၁၉ ရက်နေ့မှာ သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီက ပြန်ထိန်းချုပ်နိုင်ဖို့ စက်တင်ဘာလ ဒုတိယအပတ်ထဲက စစ်ကြောင်းထိုးခဲ့တာပါ။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၀ ရက်နေ့မှာ ငါန်းမြာကြီးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား ၁၂ ဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့ပါတယ်။