ခင်ဦး အလယ်ရှိုရွာမှာ အသတ်ခံရသူ ကိုးဦးအထိ ရှိလာ
2023.01.04

စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်စီးနင်းခံခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အလယ်ရှိုရွာမှာ ဇန်နဝါရီ ၄ ရက် ဒီနေ့အထိ အသက် ၁၇ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် အသတ်ခံရသူ ကိုးဦးအထိရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။
အင်အား ၇၀ နီးပါး ပါဝင်တဲ့ တပ်မ-၃၃ လက်အောက်ခံ ရွှေဘိုလေ့ကျင့်ရေးတပ်-၈ က စစ်ကြောင်းဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၈ ရက် မနက် ၅ နာရီကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂ ရက် ညနေ ၄ နာရီကျော်ထိ ငါးရက်ကြာ အလယ်ရှိုရွာကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပါတယ်။
စစ်တပ်ပြန်ထွက်သွားချိန် မနေ့ကနဲ့ ဒီနေ့ နှစ်ရက်လုံးလုံး ရွာထဲပြန်ဝင် စစ်ဆေးချိန်မှာ တော့ အသတ်ခံထားရတဲ့ အသက် ၁၇ နှစ်ကနေ ၆၀ အရွယ်ကြား အမျိုးသား၊ အမျိုးသမီးရဲ့ ရုပ်အလောင်းတွေကို တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသတ်ခံရသူတွေကတော့ အသက် ၁၇ နှစ်အရွယ် ကိုနေမျိုးအောင်၊ အသက် ၂၁ နှစ်အရွယ် ကိုဆန်းနိုင်၊ အသက် ၃၅ နှစ်အရွယ် ဦးအောင်ကို၊ အသက် ၃၈ နှစ်အရွယ် ကိုအောင်မြင့်သန်း၊ အသက် ၄၃ နှစ်အရွယ် ဦးကျော်စိုးအောင်၊ အသက် ၄၅ နှစ်အရွယ် ဒေါ်ဝင်းဌေး၊ အသက် ၄၈ နှစ်အရွယ်တွေဖြစ်ကြတဲ့ ဒေါ်ချောပိုနဲ့ ဦးထွန်းမင်း၊ အသက် ၆၅ နှစ်အရွယ် ဦးချစ်ခင်တို့ ဖြစ်ပါတယ်။
ပြန်တွေ့ရတဲ့ ရုပ်အလောင်းအားလုံးမှာ ပစ်ခတ်ခံထားရတဲ့ သေနတ်ကျည်ဆန်ရာတွေ တွေ့ရတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ဒေသခံ အမျိုးသား ခုနစ်ဦး၊ အမျိုးသမီး နှစ်ဦးပေါ့၊ အကုန်လုံးမှာ သေနတ်ဒဏ်ရာတွေ ရှိတယ်၊ တချို့အလောင်းတွေဆို အိမ်အောက်တွေမှာ မြေမြှုပ်ထားခဲ့တာ၊ ပြန်ဖော် ရတယ်၊ အခုရွာကနေ စစ်ကြောင်းပြန်ထွက်သွားပေမယ့် ရွာအနီးက ရွှေဘို-မြစ်ကြီးနား ကားလမ်းပေါ်မှာပဲ ရှိသေးတယ်၊ နောက်တစ်ခေါက် ပြန်ဝင်နိုင်မယ့် အခြေအနေတွေ ရှိလို့ ရွာကိုမပြန်ရဲကြသေးဘူး"
အခုအသတ်ခံရသူ ကိုးဦးအပြင် နောက်ထပ် ရွာသား ၁၀ ဦးခန့်လည်း ပျောက်ဆုံးနေတယ် လို့ သူက ဆိုပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးအေးလှိုင် ကို RFA က ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် အလယ်ရှိုရွာဟာ အိမ်ခြေ တစ်ထောင်နီးပါး၊ လူဦးရေ လေးထောင်နီးပါးရှိတဲ့ ရွာကြီးဖြစ်ပြီး အာဏာသိမ်းထားတဲ့ နှစ်နှစ်နီးပါးအတွင်း လေးကြိမ်တိတိ စီးနင်းခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။