စစ်ကောင်စီရဲကင်းစခန်းကို NLA တိုက်ခိုက်၊ လက်နက်ခဲယမ်းတချို့ သိမ်းယူ
2023.03.24
အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့နယ် ဘုတ်ကံရွာက စစ်ကောင်စီ ရဲကင်းစခန်းကို အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) က စီးနင်းတိုက်ခိုက်သိမ်းယူခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အဲဒီရဲကင်းစခန်းကို မတ် ၂၄ ရက် မနက် ခုနှစ်နာရီကျော်မှာ စီးနင်းတိုက်ခိုက်ခဲ့ပြီး ရဲနဲ့ ပျူစောထီး ၁၅ ယောက်လောက် လက်နက်တွေနဲ့ စခန်းကိုထားပြီး အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးသွားကြတယ်လို့ NLA ပြောခွင့်ရှိသူ ကိုသျှောင်တစောင်းက ပြောပါတယ်။
ဒီစစ်ဆင်ရေးကို ဘုတ်ငှက်စစ်ဆင်ရေးလို့ အမည်ပေးထားပြီး ၄၅ မိနစ်ကြာ အပြန်အလှန်ပစ်ခတ်ခဲ့ကြတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်နက်ငယ်မျိုးစုံ ၁၅ လက်၊ ကျည်မျိုးစုံ ၂၂၀၀ ကျော်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
NLA ဟာ တမူး-ကဘော်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃ ကနေ ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့မှာ ပြောင်းလဲတည်ထောင်အပြီး ပထမဆုံး စခန်းသိမ်းတိုက်ပွဲလည်း ဖြစ်ပါတယ်။
ရဲကင်းစခန်းသိမ်းပိုက်ခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေတာ မရှိသလို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာလည်း မရှိသေးပါဘူး။