စစ်အာဏာသိမ်းပြီးနောက် NLD အမတ် ၁၆ ဦး ဆေးကုသမှုမရဘဲ သေဆုံးခဲ့ကြောင်း CRPH ပြော

စစ်တပ်အာဏာသိမ်းပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လွှတ်တော်ကိုယ်စားလှယ်တွေကို စစ်ကောင်စီက လိုက်လံဖမ်းဆီးတာကြောင့် ထွက်ပြေးတိမ်ရှောင်နေရသူတွေထဲက ၁၄ ဦးနဲ့ ထောင်တွင်း အကျဉ်းကျခံ နေရသူတွေထဲက နှစ်ဦး၊ စုစုပေါင်း ၁၆ ဦးဟာ လုံလောက်တဲ့ ဆေးကုသမှုမရတာကြောင့် သေဆုံးခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က မေလ ၁၉ ရက်နေ့မှာ ကြေညာချက်ထုတ်လိုက်ပါတယ်။

နိုင်ငံတကာတရားစီရင်ရေးဆိုင်ရာ ယန္တရားတွေကိုအသုံးပြုပြီး စစ်ကောင်စီရဲ့ ဥပဒေမဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကာကွယ်ပေးလာအောင် သတိထားမိစေဖို့ ထောက်ပြတာလို့ CRPH ပြောရေးဆိုခွင့်ရှိသူ ဦးစည်သူမောင်က ပြောပါတယ်။

"စစ်ကောင်စီက နိုင်ငံတော်အမည်ခံပြီး လက်နက်ကိုင် ရမ်းကားနေတာကို ဆက်ပြီးခွင့်ပြုပေးနေတော့မှာလားဆိုတာကို ကျွန်တော်တို့အနေနဲ့ နိုင်ငံတကာကို ထောက်ပြလိုက်တဲ့သဘောလည်းပါတယ်၊ နောက်တစ်ခုက နိုင်ငံတကာမှာရှိတဲ့ တရားစီရင်ရေး ယန္တရားတွေကို အသုံးပြုလို့ရသမျှအသုံးပြုရင်းနဲ့ စစ်အုပ်စုဟာ ICJ လိုမျိုးတရားရုံးမှာ ရင်ဆိုင်နေရတာတင်မဟုတ်ဘဲနဲ့ ICC လိုမျိုး နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးအထိကို အပြစ်ပေးအရေးယူနိုင်တဲ့ အခြေအနေတွေရှိတယ်ဆိုတာကို ကျွန်တော်တို့ဘက်က အထောက်အထားအားဖြင့် ဖော်ပြတာဖြစ်ပါတယ်"

အုတ်ဖိုမြို့နယ်က ပဲခူးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်ဟာ ထောင်ထဲမှာ ဆေးကုသမှုမရဘဲသေဆုံးခဲ့ရသလို ဘီးလင်းမြို့နယ်က မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းဟာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးသွားပြီးနောက် သေဆုံးခဲ့ရတယ်လို့ CRPH ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကျန်တဲ့ ၁၄ ဦးကတော့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ငါးဦး၊ တိုင်းနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ကိုးဦးတို့ဖြစ်ပြီး သူတို့ဟာ တိမ်းရှောင်ရင်း သေဆုံးခဲ့တာပါ။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း NLD လွှတ်တော်ကိုယ်စားလှယ် ၁၂၉ ဦးကို စစ်ကောင်စီက ဥပဒေမဲ့ ဖမ်းဆီးခဲ့ကြောင်းနဲ့ အဲဒီထဲက တချို့ကို ပြန်လွှတ်ပေးခဲ့ပေမဲ့ လက်ရှိအချိန်ထိ ၈၈ ဦးကို ဆက်လက်ဖမ်းဆီးထားတယ်လို့ CRPH က ထောက်ပြထားပါတယ်။

ဖမ်းဆီးခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ တရားရင်ဆိုင်ရာမှာ ဥပဒေအကြံရယူခွင့်၊ အများပြည်သူရှေ့မှာ အမှုကြားနာခွင့်မရတာ၊ မိသားစုနဲ့လည်း တွေ့ဆုံခွင့်မရတာ၊ လူမဆန်တဲ့ညှဉ်းပန်းနှိပ်စက်တာတွေခံရတဲ့အပြင် ဒဏ်ရာရရှိသူတွေဟာလည်း ဆေးကုသခွင့်မရဘူးလို့ အကျဉ်းထောင်တွေကနေ ပြန်လွတ်လာသူတွေရဲ့ ပြောဆိုချက်တွေကို ကိုးကားပြီး CRPH က ဆိုပါတယ်။ အဲဒီလိုစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံတကာအသိုင်းအဝိုင်းက ကျယ်ကျယ်ပြန့်ပြန့်သိအောင်ဆောင်ရွက်နေတယ်လို့လည်း CRPH က ပြောထားပါတယ်။

ဒါ့အပြင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့ ဦးရည်မွန်၊ ဦးလွင်ကိုလတ်၊ ဒေါ်ဇင်မာအောင်နဲ့ ဒေါ်ဖြူဖြူသင်းတို့ကို စစ်ကောင်စီက နိုင်ငံသားအဖြစ်ကနေ ရုပ်သိမ်းခဲ့တာဟာလည်း ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်တယ်လို့ ထောက်ပြထားပါတယ်။

စစ်ကောင်စီက လွှတ်တော်ကိုယ်စားလှယ်တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်နေကြောင်း CRPH ရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။