NLD ပါတီဝင်နဲ့ ပါတီထောက်ခံသူနှစ်ဦး စစ်ကြောရေးမှာ သေဆုံး
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် NLD ပါတီ အတွင်းရေးမှူး ဦးဇော်မျိုးဝင်း (ခေါ်) ဦးကို ကြီးနဲ့ ရန်ကုန်တိုင်း တွံတေးမြို့နယ်က NLD ပါတီထောက်ခံသူ အသက် ၄၄ နှစ်အရွယ် ဒေါ်ခင်မျိုးနွယ်ကို စစ်ကောင်စီက ဖမ်းဆီးပြီး မကြာခင်မှာပဲ စစ်ကြောရေးမှာ သေဆုံးသွား တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေနဲ့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။
ဥတ္တရသီရိမြို့နယ် NLD ပါတီ အတွင်းရေးမှူး ဦးဇော်မျိုးဝင်း (ခေါ်) ဦးကိုကြီးကတော့ ပြင်ဦးလွင်မြို့နယ်မှာ တိမ်းရှောင်နေစဉ်မှာပဲ စက်တင်ဘာလ ၁၃ ရက်နေ့က စစ်ကောင်စီ တပ်သားတွေရဲ့ဖမ်းဆီးမှုကိုခံရပြီးနောက် သေဆုံးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူ ပါတီ ဝင်တစ်ဦးက ပြောပါတယ်။
“ပြင်ဦးလွင်မှာ ဖြစ်တာ။ သူက တိမ်းရှောင်နေတာ။ စစ်တပ်က ပြောတာကတော့ ဆိုင်ကယ်နဲ့ ထွက်ပြေးတော့ ပစ်ဖမ်းလိုက်တယ်ပေါ့။ စက်တင်ဘာ ၁၃ ရက်နေ့မှာဖြစ် တာ။ ၁၄ ရက်နေ့မှာ မိသားစုဆီကို အကြောင်းကြားတယ်။ တစ်ကယ်ဖြစ်ရပ်က ဧည့် စာရင်းဝင်စစ်ရင်း အဖမ်းခံရတာ။ တစ်ချို့က လွတ်သွားတယ်။ သူကအဲဒီမှာ အဖမ်း ခံရပြီးနောက်ပိုင်း သေပြီဆိုတဲ့ သတင်းဆိုး ကြားရတာပဲ။ အလောင်းလည်း ပြန်မရဘူး”
အဖမ်းခံရပြီး မကြာခင်မှာပဲ သေဆုံးသွားတဲ့ ဦးဇော်မျိုးဝင်း(ခ) ဦးကိုကြီးရဲ့ ဖုန်း၊ မှတ်ပုံ တင်နဲ့ ပစ္စည်းတချို့ကိုသာ စစ်ကောင်စီက မိသားစုဆီကို ပြန်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။
သူဟာ NLD ပါတီရဲ့ အမာခံ တစ်ဦးဖြစ်ပြီး ပါတီလုပ်ငန်းတွေကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ သလို လူချစ်လူခင်လည်း ပေါသူတစ်ဦး ဖြစ်တယ်လို့ NLD ပါတီဝင်တွေက ပြောပါတယ်။
ဦးဇော်မျိုးဝင်း(ခ)ဦးကိုကြီးဟာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြင်ဦးလွင် ဘက်မှာ တိမ်းရှောင်နေခဲ့တာလည်း ဖြစ်ပါတယ်။
အလားတူ ရန်ကုန်တိုင်း တွံတေးမြို့နယ်၊ ဇီးဖြူကုန်ကျေးရွာက NLD ပါတီ ထောက်ခံသူ တစ်ဦးဖြစ်တဲ့ အသက် ၄၄ နှစ်အရွယ် ဒေါ်ခင်မျိုးနွယ်ဆိုသူဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၇ ရက်နေ့က အဖမ်းခံရပြီး နှစ်ရက်အကြာ စစ်ကြောရေးမှာ လက်လွန်သေဆုံးသွားခဲ့ရတယ် လို့ တွံတေး ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“သူက NLD ပါတီဝင်တော့ မဟုတ်ဘူး။ စစ်ဆေးရင်းနဲ့ လက်လွန်သွားတာ။ ဆေးရုံ ရောက်ပြီးတော့ ဆုံးတာ။ အုပ်ချုပ်ရေးမှူးရုံးက ခြောက်ယောက် အသတ်ခံရပြီးတော့ လူတွေ ၃၀ လောက် အဖမ်းခံရတယ်။ အဲဒီထဲမှာ သူလည်း ပါသွားတယ်။ ဒေါ်ခင်မျိုးနွယ် ပါသွားတာပေါ့။ အဲဒီလို သိရတယ်”
ပြီးခဲ့တဲ့ ဩဂုတ် ၂၂ နေ့က တွံတေးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးကနေ ပြန်လာတဲ့ ရပ်ကျေး အုပ်ချုပ်ရေး အဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ကားကို အဖွဲ့တစ်ခုက လမ်းမှာပစ်ခတ်တိုက်ခိုက် ခဲ့တဲ့အတွက် ခြောက်ဦး သေဆုံးခဲ့ပြီးနောက် တွံတေးမြို့နယ်၊ ဇီးဖြူကုန်း ဒေသခံတွေကို လည်း စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။
ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ရှင်းလင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်အာဏာရှင်ကို ဆန့်ကျင်ရင်း ကျဆုံးခဲ့ရသူ ပြည်သူ ၂၂၇၆ ဦးရှိနေတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က စက်တင်ဘာလ ၁၅ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။