အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အမည်နဲ့ ပါတီတံဆိပ်တုံးတို့ကို အသုံးပြုပြီး NLD ပါတီက သမ္မတ လောင်းနှစ်ဦးရဲ့ အမည်ပါတဲ့ ကြေညာချက်တစ်စောင် လူမှုကွန်ရက်စာမျက်နှာတွေမှာ ထွက်ပေါ်နေတာဟာ အတုဖြစ်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
အခုလို ကြေညာချက်အတုလုပ်တာတွေဟာ ဥပဒေကြောင်းအရ ပြစ်မှုကျူးလွန်ရာရောက်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။
"တရားဝင် မဟုတ်ဘူးလို့ မပြောဘူး၊ ကျနော်တို့က အတုလို့ပြောတာ၊ ကျနော်တို့ အရေးယူဖို့ မပြောပါဘူး၊ ပြစ်မှုနဲ့ ငြိစွန်းတယ်လို့ပဲ ပြောပါတယ်၊ ကျနော်တို့ အသေးစိတ် မပြောချင်ပါဘူး ခင်ဗျ"
မနေ့က မတ်လ ၆ ရက်နေ့ နေ့စွဲနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်ကနေ ဒု-သမ္မတအဖြစ် ဦးထင်ကျော်၊ အမျိုးသားလွှတ်တော်ကနေ ဒု-သမ္မတအဖြစ် ဦးခွန်ထွန်းဦးတို့ကို ရွေးချယ်ထားတယ်ဆိုပြီး NLD တံဆိပ်တုံးပါရိုက်နှိပ်ထားတဲ့ ကြေညာချက်တစ်စောင် လူမှုကွန်ရက်စာမျက်နှာတွေမှာ ထွက်ပေါ်ခဲ့တာပါ။
မတ်လ ၆ ရက်နေ့က နေပြည်တော် ဒေါ်အောင်ဆန်းစုကြည်နေအိမ်မှာ NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးအပြီးမှာ အဲ့ဒီကြေညာချက် ထွက်လာတာဖြစ်ပါတယ်။
NLD ဘက်က ဒုတိယသမ္မတလောင်း အမည်စာရင်းတွေကို လာမယ့် မတ်လ ၁၀ ရက်နေ့မှာ တရားဝင် ထွက်ပေါ်လာမယ်လို့ NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေက ပြောကြပါတယ်။