ရှမ်းမြောက်အရေး တွေ့ဆုံဆွေးနွေးကြဖို့ UWSP တိုက်တွန်း
2024.07.30
ရှမ်းပြည်နယ်မြောက်ပိုင်းအပါအဝင် နိုင်ငံအနှံ့ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို စစ်ရေးအရ မဖြေရှင်းဘဲ တွေ့ဆုံဆွေးနွေးရေး အပါအဝင် ငြိမ်းချမ်းတဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ တိုက်တွန်းကြောင်း “၀” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) က ဇူလိုင်လ ၂၉ ရက်နေ့က ရက်စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။
တိုက်ပွဲကြောင့် အပြင်းအထန်ထိခိုက်သွားတဲ့ ပြည်သူတွေရဲ့ စီးပွားရေး ပြန်လည်နလန်ထူဖို့နဲ့ နေ့ရပ်စွန့်ခွာရသူတွေ လုံခြုံရေးအာမခံချက်ရှိရှိနဲ့ နေရပ်ပြန်နိုင်ဖို့အတွက် ရည်ရွယ်ပြီး တိုက်တွန်းရတာလို့ ဆိုပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံဟာ စစ်ရေးပဋိပက္ခတွေကြောင့် တစ်နိုင်ငံလုံး ပြိုကွဲတော့မဲ့အနေအထားကို ရောက်နေပြီး စီးပွားရေးကပ်ဆိုက်တာ၊ ကုန်သွယ်မှုတွေရပ်တန့်တာ အပါအဝင် ပြည်သူလူထုရဲ့ နေထိုင်မှုဘ၀တွေဟာ မျှော်လင့်ချက်ကင်းမဲ့တဲ့ အနေအထားအထိ ရောက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါကြောင့် အဘက်ဘက်က အဖွဲ့အစည်းအားလုံး ကိုယ့်အဖွဲ့အစည်းရဲ့ အကျိုးစီးပွားတစ်ခုတည်းကို ရပ်တည်ပြီး ပြည်သူကို လျစ်လျူရှုတာမျိုး မလုပ်သင့်ဘူးလို့ UWSP က ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး ကိုးကန့်တပ်ဖွဲ့ (MNDAA) က စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ရုံးစိုက်ရာ လားရှိုးမြို့ကို တစ်မြို့လုံးနီးပါး သိမ်းပိုက်ထားနိုင်ချိန် အခုလို ထုတ်ပြန်လာတာလည်း ဖြစ်ပါတယ်။
UWSP ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ကတော့ လားရှိုးမြို့ထဲကို ဝင်ရောက်တပ်စွဲထားပြီး လားရှိုးမြို့နဲ့ မိုင် ၇၀ ဝန်းကျင်ဝေးတဲ့ တန့်ယန်းမြို့ အပါအဝင် လားရှိုးမြို့နဲ့ မိုင်းရယ်မြို့အစပ်ကနေရာတွေမှာလည်း သူ့ရဲ့ တပ်အင်အားတွေကို ဖြန့်ကျက်ထားပါတယ်။
၁၀၂၇ စစ်ဆင်ရေးပထမပိုင်း ၂၀၂၃ ခုနှစ် အောက်တိုဘာလကလည်း လောက်ကိုင်မြို့နဲ့ ကပ်ရပ်ရှိတဲ့ ဟိုပန်မြို့နဲ့ ပန်လုံမြို့တွေကို "၀" တပ်ဖွဲ့က ဝင်ရောက်နေရာယူခဲ့ပြီး နောက်ပိုင်းမှာ “၀” တပ်ဖွဲ့ရဲ့ အုပ်ချုပ်မှုအောက်ကို ထည့်သွင်းခဲ့ပါတယ်။