စစ်ကောင်စီ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တာမရှိကြောင်း NUG သတင်းထုတ်ပြန်

RFA Burmese
2023.11.25
စစ်ကောင်စီ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တာမရှိကြောင်း NUG သတင်းထုတ်ပြန် အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်။
RFA

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပခဲ့တဲ့ မြန်မာ့အရေးဆွေးနွေးပွဲတွေမှာ အာဆီယံအဖွဲ့တွေနဲ့သာ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ပြီး စစ်အုပ်စုရဲ့ ကိုယ်စားလှယ်ဆိုသူတွေနဲ့ တွေ့ဆုံခဲ့တာ မရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်ရုံးက ကျင်းပတဲ့ အစည်းအဝေးတွေကို အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ နိုဝင်ဘာ ၂ဝ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ကျင်းပခဲ့တာဖြစ်ပါတယ်။ အဲဒီအစည်းအဝေးတွေမှာ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဒီမိုကရေစီ လိုလားသူတွေအပြင် စစ်ကောင်စီဘက်ကနေ ကိုယ်စားပြု ဆွေးနွေးပြောဆိုမယ့်သူတွေ တက်ရောက်ခဲ့တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်ကို ကိုးကားပြီး နိုဝင်ဘာ ၂၄ ရက်နေ့က AFP သတင်းမှာ ဖော်ပြခဲ့တာပါ။

ဒါနဲ့ပတ်သက်ပြီး NUG နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ NUG ရဲ့ ထုတ်ပြန်ချက်မှာ… အာဆီယံက တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဖို့ တိုက်တွန်းတိုင်း စစ်အာဏာရှင်အမြစ်ဖြတ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ထောင်ရေး အာမခံချက်မရှိဘဲ၊ ပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ သဘောဆန္ဒမပါဘဲ ဘယ်လိုတွေ့ဆုံဆွေးနွေးမှုတွေမှ လုပ်မှာမဟုတ်ကြောင်း ရှင်းလင်းအောင် သဘောထားပေးပြီးဖြစ်တယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက… ဒီအစည်းအဝေးကို ပဋိပက္ခတွေမှာ ပါဝင်တိုက်ခိုက်နေကြသူ အားလုံးပါဝင်တဲ့ ဆွေးနွေးပြောဆိုမှုတွေ ဖြစ်လာဖို့၊ အကြမ်းဖက် တိုက်ခိုက်မှုတွေ လျှော့ချဖို့ နဲ့ ပဋိပက္ခတွေကြောင့် ထိခိုက်တဲ့ မြန်မာပြည်သူတွေအတွက် လူသားချင်း စာနာမှု အကူအညီတွေ ပေးအပ်နိုင်ဖို့ အဓိက ရည်ရွယ်ချက်တွေနဲ့ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်ရုံးကနေ သက်ဆိုင်သူ အုပ်စုတွေအကြား သတင်းစကား ဖလှယ်နိုင်ဖို့ အကူအညီပေးခဲ့ပြီး၊ အမှန်တကယ် စေ့စပ်ဆွေးနွေးမှုတွေ ဖြစ်မလာခင် အကြိုညှိနှိုင်းမှုဖြစ်လာဖို့ မျှော်လင့်တယ်လို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။

တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်လာနိုင်ခြေရှိတယ်ဆိုတဲ့အချက်နဲ့ပတ်သက်လို့လည်း NUG ဘက်ကတော့… ဒါဟာ အာဆီယံအထူးသံတမန်ရုံးဘက်က ကောက်ချက်ချတာသာဖြစ်ပြီး NUG နဲ့ မသက်ဆိုင်ကြောင်း ထုတ်ပြန်ချက်မှာ ငြင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။