ကျောက်ဖြူမြို့မှာ AA အလိုမရှိကြောင်း ဝါဒဖြန့်စာတွေ လိုက်ကပ်နေ

RFA Burmese
2023.11.26
ကျောက်ဖြူမြို့မှာ AA အလိုမရှိကြောင်း ဝါဒဖြန့်စာတွေ လိုက်ကပ်နေ ကျောက်ဖြူမြို့ အချို့နေရာတွင် AA ကို အလိုမရှိကြောင်းစာများ ကပ်ထားသည်ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့ ကတွေ့ရစဉ်။
Citizen Journalist

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှာ ရက္ခိုင့်တပ်တော် (AA/ULA) ကို အလိုမရှိဆိုတဲ့ စာသားတွေကို နိုဝင်ဘာလ ၂၅ ရက်ကစပြီး ကျောက်ဖြူမြို့မဈေးနဲ့ လူစည်ကားရာနေရာတွမှာ လိုက်ကပ်ထားတယ်လို့ ကျောက်ဖြူမြို့ခံတွေက ပြောပါတယ်။

အဲဒီစာတွေထဲမှာ အေးချမ်းနေတဲ့ ရခိုင်ပြည်ကို စစ်ဖြစ်အောင် ရက္ခိုင့်တပ်တော် (AA) က လုပ်နေတဲ့အကြောင်းနဲ့ လမ်းတွေပိတ်ထားလို့ ဒေသခံတွေ ဒုက္ခကြုံနေရတဲ့အကြောင်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျောက်ဖြူမြို့ခံတစ်ဦးကတော့ လူစည်ကားတဲ့နေရာတွေမှာ အဲဒီလို စာတွေ လိုက်ကပ်တာတွေ့ရပြီး ဒါဟာ ဝါဒဖြန့်နေတာလို့ RFA ကို ပြောပါတယ်။

“ဒါက ရခိုင်အချင်းချင်း စိတ်ဝမ်းကွဲအောင် လုပ်တာလေ။ ဝါဒဖြန့်တဲ့ ပုံစံမျိုးပေါ့။ ULA/AA ကို အားမပေးနဲ့ သူတို့ကြောင့် ဒီလိုဖြစ်နေတယ်ဆိုတာမျိုး ဖော်ပြထားတယ်။ ပြည်သူတွေ သိကြပါတယ်၊ ဘယ်သူတွေက ကပ်တယ်ဆိုတာ။ အဲဒီစာတွေကို ပြည်သူတွေက ခွာချလိုက်ပြီ”

ကျောက်ဖြူမြို့ရဲ့ အဝေးပြေးကားဝင်း၊ ယာဉ်ထွက်တဲ့ နေရာ၊ မြို့လယ်နာရီစင်နဲ့ မြို့မဈေးတွေမှာ ဒီလိုစာရွက်တွေ လိုက်ကပ်ထားတာ တွေ့ခဲ့ရတယ်လို့လည်း ကျောက်ဖြူမြို့ခံတွေက ပြောပါတယ်။

ဒေသခံတွေကတော့ စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီတပ် ထောက်ခံသူတွေက လုပ်ကပ်တာလို့ ပြောကြပေမယ့် RFA အနေနဲ့ ဒီအပေါ် သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒါ့အပြင် စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့်လည်း လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ကျောက်ဖြူမြို့မှာ နိုဝင်ဘာလ ၂၁ ရက်စလို့ ရေလမ်းနဲ့ ကုန်းလမ်း နှစ်ခုစလုံးသွားလာခွင့်ကို စစ်ကောင်စီတပ်က ကန့်သတ်ထားပြီးနောက် မြို့ထဲမှာ စားနပ်ရိက္ခာနဲ့ ဆန်ပြတ်လပ်မှုတွေ ကြုံနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ နိုဝင်ဘာလ ၁၃ ရက်စပြီး စစ်ကောင်စီတပ်ကို ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်ခဲ့တာဖြစ်ပြီး နိုဝင်ဘာလ ၂၂ ရက်နေ့အထိ စစ်ကောင်စီတပ်စခန်းလေးခုနဲ့ စစ်ကောင်စီတပ်ဘက်က စွန့်လွှတ်ခဲ့တဲ့ စခန်းလေးဆယ်ကျော် သိမ်းပိုက်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။