နေပြည်တော် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဦးမင်းသူဟာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) နဲ့ နေပြည်တော် အချုပ်ထောင်တွင်း တရားရုံးက ဒီဇင်ဘာ ၂၂ ရက် ဒီနေ့မှာ ထောင်ဒဏ် နှစ်နှစ်ချမှတ်ခံလိုက် ရတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ဦးမင်းသူဟာ နေပြည်တော် ကောင်စီနယ်မြေအတွင်း အစိုးရဝန်ထမ်း တွေကို အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်လာဖို့ လှုံ့ဆော်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမှုဖွင့်ခံထားရတာပါ။
ဒီနေ့ ရုံးချိန်းမှာပဲ နောက်တစ်မှုဖြစ်တဲ့ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ နဲ့ စွဲထားတဲ့ အမှုအတွက် တရားလိုဖြစ်တဲ့ ဒု-ရဲမှူးကြီး သန်းအေးကို စစ်ဆေးခဲ့ပါတယ်။
ဒီအမှုကတော့ ၂၀၂၀ ရွေးကောက်ပွဲအကြိုကာလ NLD ယာဉ်တန်း လှည့်လည်တာဟာ ကိုဗစ်စည်းကမ်းတွေနဲ့ မညီဘူးဆိုပြီး အစွဲခံထားရတဲ့အမှု ဖြစ်ပါတယ်။
သူဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့လည်း တရားစွဲခံထားရပြီး အမှုလေးမှုထဲက ပထမဆုံး တစ်မှုကို ဒီနေ့ အမိန့်ချမှတ်ခံရတာလည်း ဖြစ်ပါတယ်။
အမိန့်ချမှတ်ပြီးပြီဖြစ်လို့ ဦးမင်းသူကို ရမည်းသင်းထောင် ပို့ဆောင်မှာလို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ရာဇသတ်ကြီး ဥပဒေ ပုဒ်မ- ၅၀၅ (က) ဟာ ပြည်ထောင်စုအစိုးရရဲ့ ကြည်း၊ ရေ၊ လေ တပ်က အရာရှိ ဒါမှ မဟုတ် တပ်သားကို ပုန်ကန်လာအောင်၊ တာဝန်ဝတ္တရားကို မလေးစား ပျက်ကွက်လာအောင် ပြုလုပ်မှု အတွက် ပြဌာန်းထားတဲ့ ပုဒ်မဖြစ်ပြီး မူလက အမြင့်ဆုံး ထောင်ဒဏ် နှစ်နှစ်အထိ ချမှတ်နိုင်ပါတယ်။
ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အဲဒီပုဒ်မကို ထောင်ဒဏ် သုံးနှစ်အထိ တိုးမြှင့်ပြင် ဆင်ထားပါတယ်။