အရှေ့တီမောနှင့် နိုင်ငံရေး သဘောတူညီချက် ရရှိခဲ့ကြောင်း NUG ထုတ်ပြန်

အရှေ့တီမောနိုင်ငံကို သွားရောက်တဲ့ ခရီးစဉ်မှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနဲ့ နိုင်ငံရေးသဘောတူညီချက်တွေကို အောင်မြင်အောင် ဆွေးနွေးနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၁၀ ရက်က သတင်းထုတ်ပြန်ပါတယ်။

အရှေ့တီမော သမ္မတ၊ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် Jose Ramos-Horta ရဲ့ တရားဝင်ဖိတ်ကြားချက်အရ ဇူလိုင် ၁ ရက်နေ့က ကျင်းပတဲ့ ကိုးကြိမ်မြောက် အရှေ့တီမော အစိုးရအဖွဲ့သစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါတယ်။

ဇူလိုင် ၁ ရက်နေ့က ၅ ရက်နေ့အထိကြာတဲ့ ခရီးစဉ်အတွင်း ဘယ်လိုအချက်တွေကို သဘောတူခဲ့တယ်ဆိုတာကိုတော့ NUG က တိတိကျကျ မထုတ်ပြန်ပါဘူး။

NUG အစိုးရကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အရှေ့တီမောနိုင်ငံက ဖိတ်ကြားခဲ့တဲ့အပေါ် စစ်ကောင်စီက ဇူလိုင်လ ၅ ရက်မှာ ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။ အရှေ့တီမောနိုင်ငံ သံရုံးယာယီတာဝန်ခံကိုလည်း နေပြည်တော်ခေါ်ပြီး နောက်ထပ် ဒီလိုကိစ္စတွေ ဆက်မလုပ်ဖို့ သတိပေးခဲ့ပါတယ်။

အတိုက်အခံ နိုင်ငံရေးသမားတွေနဲ့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူတွေကတော့ အရှေ့တီမောနိုင်ငံရဲ့ လုပ်ရပ်အပေါ် ထောက်ခံကြိုဆိုခဲ့ကြပါတယ်။

NUG ကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် ချက်သမ္မတနိုင်ငံက ပထမဦးဆုံး အသိအမှတ်ပြုခဲ့တာပါ။

အာဆီယံအဖွဲ့ရဲ့ ၁၁ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံ အဖြစ်လက်ခံဖို့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလထဲမှာ မူအားဖြင့်သဘော တူညီမှုရထားတဲ့ အရှေ့တီမောနိုင်ငံကတော့ NUG ကို အသိအမှတ်ပြုတဲ့ ဒုတိယမြောက်နိုင်ငံ ဖြစ်လာပါတယ်။