NUG နွေဦးဘဏ်ကို စမ်းသပ်ဖြန့်ချိတော့မည်
2023.07.20
အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ရဲ့ နွေဦးဘဏ်ကို ဇူလိုင်လ ၂၂ရက်မှာ Google Play နဲ့ Apple App store တွေမှာ စမ်းသပ်ဖြန့်ချိတော့မှာဖြစ်ပြီး၊ ဘဏ်ရဲ့ app ကနေတဆင့် Crypto ငွေကြေးတွေကို လဲလှယ်ရောင်းဝယ် နိုင်မှာဖြစ်တယ်လို့ Crypto currency ငွေကြေးအကြောင်း သတင်းတွေဖော်ပြတဲ့ Coin Desk သတင်းဌာနက ဖော်ပြပါတယ်။
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေး အားပေး ထောက်ခံသူတွေနဲ့ ပြည်ပရောက်မြန်မာတွေအတွက် အဓိကရည်ရွယ်တည်ထောင်ထားတဲ့ နွေဦးဘဏ်ဟာ စစ်ကောင်စီကထိန်းချုပ်ထားတဲ့ မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးစနစ်ကို အစားထိုးနိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
NUG ရဲ့ စီမံဘဏ္ဍာရေးဝန်ကြီးဌာနပိုင်အဖြစ် ဖွင့်လှစ်မယ့် နွေဦးဘဏ်မှာ မြန်မာကျပ်ငွေ၊ အမေရိကန် ဒေါ်လာ၊ မလေးရှား ရင်းဂစ်ငွေ နဲ့ စင်ကာပူ ဒေါ်လာတွေကို တရားဝင်အသုံးပြုမှာဖြစ်ပြီး၊ ၆လအတွင်း အသုံးပြုသူ တစ်သိန်းအထိရှိဖို့ ရည်မှန်းထားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
နွေဦးဘဏ်မှာ ငွေကြေးလဲလှယ်တာ၊ ရန်ပုံငွေ ရှာဖွေတာ၊ ပြည်ပလုပ်သားတွေဆီကနေ ငွေလွှဲပေးပို့တာ၊ ချေးငွေထုတ်ချေးတာတွေလို ဘဏ်လုပ်ငန်း ဝန်ဆောင်မှုတွေ အပြင်၊ မြေပြင်မှာ တော်လှန်ရေးလုပ်ဆောင်နေသူတွေကို တိုက်ရိုက်လှူဒါန်းနိုင်တဲ့အကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် တော်လှန်ရေးပြီးတဲ့အချိန် မြန်မာနိုင်ငံပြန်လည်တည်ဆောက်ရေးမှာ ပါဝင်ကူညီနိုင်ရေး ရန်ပုံငွေ တွေ ချထားပေးဖို့အတွက်လည်း အသုံးပြုနိုင်တဲ့ ထိရောက်တဲ့ ဘဏ္ဍာရေး လုပ်ငန်းတစ်ခု ဖြစ်တဲ့အကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။