အမျိုးသားညီညွတ်ရေးအစိုးရ NUG က ခန့်အပ်ထားတဲ့ ဝန်ကြီးချုပ် ဦးမန်းဝင်းခိုင်သန်းရဲ့ စိုက်ပျိုးရေး ခြံကျယ်ကြီးကို စစ်ကောင်စီက ဒီဇင်ဘာ ၁၀ ရက် ဒီနေ့မှာ လာရောက်ချိတ်ပိတ်သွားတယ်လို့ မိသားစုနဲ့ နီးစပ်တဲ့ RFA ရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့ မထော်သလေးကားလမ်းဘေးမှာရှိတဲ့ သုံးဧကကျယ်တဲ့ဒီခြံထဲမှာ အရင်က မိသားစုစီးပွားရေး စိုက်ပျိုးရေး လုပ်ငန်းတွေ လုပ်ကိုင်ပေမယ့် စစ်တပ်အာဏာသိမ်းချိန်ကစလို့ ဘာမှ လုပ်ကိုင်တာမရှိဘူးလို့ ဆိုပါတယ်။
"ဦးမန်းဝင်းခိုင်သန်းကို ပုဒ်မသုံးခုနဲ့ မြဝတီတရားရုံးက မနေ့က အမိန့်ချလိုက်တယ်၊ ဘာပုဒ်မတွေနဲ့ ဘယ်လိုတွေ အမိန့်ချလိုက်လဲဆိုတာ ကျနော်တို့ မသိရဘူး၊ ပြီးတော့ ဝရမ်းပြေးဆိုပြီး ကြေညာတယ်၊ ဝရမ်းပြေးကြေညာပြီး ဒီခြံကို လာချိတ်ပိတ်သွားတာ" လို့ RFA ရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ- ၅၀(က) အမှုနဲ့ ဒီခြံကို ချိတ်ပိတ်လိုက်တာလို့ ခြံအပေါက်ဝမှာ ကြေညာထားတာကိုလည်းတွေ့ရပါတယ်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ဦးမန်းဝင်းခိုင်သန်းကို ယာယီ ဒုသမ္မတအဖြစ် ခန့်အပ်လိုက်ချိန်မှာလည်း မြဝတီမြို့ အမှတ် ၃ ရပ်ကွက်၊ မန်းဘခိုင်လမ်းက သူ့ရဲ့နေအိမ်ကို စစ်ကောင်စီက သိမ်းဆည်းခဲ့ပါတယ်။
ဦးမန်းဝင်းခိုင်သန်းရဲ့ မိသားစုဝင်တွေဟာလည်း အာဏာသိမ်းပြီး ကတည်းက ထွက်ပြေးနေကြရတာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ သူတို့ ဖမ်းချင်တဲ့သူကို ဖမ်းလို့မရရင် မိသားစုဆွေမျိုးတွေကို ဓါးစာခံအဖြစ် ဖမ်းဆီးရုံတင်မက အဲဒီလူတွေရဲ့ ပိုင်ဆိုင်မှုတွေကိုပါ စစ်တပ်ပိုင်အဖြစ် သိမ်းဆည်းလာနေတာဖြစ်ပါတယ်။
ကုလသမဂ္ဂ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းရဲ့ မိဘတွေ နေအိမ်အပါအဝင် အမျိုးသား ညီညွတ်ရေးအစိုးရ NUG ဝန်ကြီးတွေဖြစ်ကြတဲ့ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်၊ ဒေါက်တာ ဝင်းမြတ်အေးတို့ အိမ်တွေလည်း စစ်တပ်ပိုင် အသိမ်းခံထားရပါတယ်။
RFA က လက်လှမ်းမီသလောက် ပြုစုထားတဲ့စာရင်းတွေအရ ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းကနေ နိုဝင်ဘာ လဆန်းပိုင်းအတွင်း တစ်လတည်းမှာတင် နေအိမ်အလုံးပေါင်း ၇၀ ခန့် ချိတ်ပိတ်သိမ်းဆည်း ခံထားရပါတယ်။